လေယာဉ်ပေါ်မှာ ခရီးသည် ၁၈၂ ဦး လိုက်ပါလာခဲ့ပါတယ်။

Lion Air လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီး အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းနေစဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းက ပြောပါတယ်။

(Photo: Twitter/Hafedh955)

လေယာဉ်ပြေးလမ်းချော်မှုအတွင်း ထိခိုက်ဒဏ်ရာသူ မရှိခဲ့ဘူးလို့လည်း Lion Air က ဖြည့်စွက်ပြောခဲ့ပါတယ်။ ပြေးလမ်းချော်မှုဖြစ်ခဲ့တဲ့ လေယာဉ်ဟာ ဂျကာတာ-ပွန်တီရန်နက်ခ် လေကြောင်းခရီးစဉ်အဖြစ် ပျံသန်းခဲ့ကြောင်းနဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၈၂ ဦးနဲ့ အမှုထမ်းခုနစ်ဦး လိုက်ပါလာခဲ့ကြောင်း Lion Air မှ ပြောခွင့်ရပုဂ္ဂိုလ် Danang Mandala Prihantoro က ထုတ်ပြန်ပြောကြားပါတယ်။



Boeing 737-800NG လေယာဉ်ဟာ ဘော်နီယိုကျွန်းရှိ Supadio အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ရန်လုပ်ဆောင်ခဲ့စဉ် ပြေးလမ်းချော်သွားခဲ့တယ်လို့ ဆိုပါတယ်။ Supadio လေဆိပ်ဟာ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် အနည်ငယ်မျှအတွက်သာ ဝန်ဆောင်မှုပေးတဲ့ လေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။

(Photo: Twitter/Kamto_Adi)

ယခုဖြစ်ရပ်ကြောင့် လေဆိပ်ပြေးလမ်းကို ပိတ်ထားခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။ လေယာဉ်ပြေးလမ်းချော်မှုနဲ့ ပတ်သက်ပြီး Supadio လေဆိပ်နဲ့ အင်ဒိုနီးရှား လေကြောင်းပျံသန်းမှုထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့ AirNav တို့မှ ကိုယ်စားလှယ်များထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။ Lion Air ဟာ အင်ဒိုနီးရှား လေကြောင်းခရီးစဉ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း အဆိုပါ လေကြောင်းလိုင်းမှ Boeing 737 MAX လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။ လေကြောင်းပျံသန်းမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက် (Aviation Safety Network) ရဲ့ အဆိုအရ ၂၀၀၂ ခုနှစ်မှစပြီး Lion Air လေယာဉ်မတော်တဆမှု ၁၁ ခု ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က