ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးအတွက် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ၂၆ ဦးအထိ သိသာစွာ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (ဇန်နဝါရီ ၂၄ ရက်) သတင်းထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေးတွေက ရေကြီးမြေပြိုမှုအတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးအတွက် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

(Photo: AFP/Getty Images)

ဆူလာဝေစီကျွန်းရဲ့ နေရာဒေသတွေမှာ ဇန်နဝါရီ ၂၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေ ညလုံးပေါက်ဖြစ်ခဲ့ပြီး မြစ်ရေများလျှံတက်ကာ ကျွန်းတောင်ပိုင်းရှိ ဒါဇင်နဲ့ချီတဲ့ ကျေးရွာများမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ တောင်ပိုင်းဆူလာဝေစီမြို့တော် မာကက်စာမြို့ရဲ့ နေရာတွေမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။



"ဒီနေ့မနက်အထိ စာရင်းတွေအရ ၂၆ ယောက် သေဆုံးတယ်လို့ အတည်ပြုပါတယ်၊ အခြား ၂၄ ယောက်က ပျောက်ဆုံးနေပါတယ်" လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရယ်လျှော့ချရေးဌာနမှ အကြီးအကဲ Syamsibar က ပြောပါတယ်။

(Photo: AFP)

ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၃ ရက်) အထိ ၈ ဦးသာရှိခဲ့ရာမှ သိသာစွာ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် ဒေသခံ ၃,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး အနည်းဆုံး ၄၆ ဦးကို ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကုသပေးနေကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဆူလာဝေစီကျွန်းမှာ ရေကြီးမှုတွေကြောင့် နေအိမ်များ၊ အစိုးရအဆောက်အအုံများ၊ စာသင်ကျောင်းများနဲ့ တံတားများ ပျက်စီးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ "ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေ ရှာဖွေနေဆဲဖြစ်ပြီး ရေကြီးနေတဲ့ နေရာတွေကနေ ဒေသခံတွေကို ရွှေ့ပြောင်းပေးနေပါတယ်" လို့ Syamsibar က ပြောပါတယ်။ 

(Photo: Antara Foto)

ရေကြီးမြေပြိုမှုဖြစ်တဲ့ နေရာဒေသတွေကနေ ရွှေ့ပြောင်းလာရသူတွေအတွက် အစားအစာနဲ့ ကယ်ဆယ်ရေးအတွက် လှေများလိုအပ်နေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ယမန်နေ့မှာ ပြောခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှာဖွေရေးလုပ်ငန်းမှာ အခက်အခဲကြုံနေရတယ်လို့လည်း ၎င်းကဆိုပါတယ်။

အင်ဒိုနီးရှားမှာ မြေပြိုမှုနဲ့ ရေကြီးမှုတွေ ကြုံတွေ့ရလေ့ရှိပြီး မုတ်သုန်ရာသီဖြစ်တဲ့ အောက်တိုဘာလနဲ့ ဧပြီလအတွင်း အဓိက ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်း ဆူမာတြာကျွန်းမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက် နောက်ဆက်တွဲသတင်း - ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၉ ဦးအထိ ထပ်မံမြင့်တက်လာခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က