အင်ဒိုနီးရှားမှာ မိုးသည်းထန်းစွာရွာသွန်းပြီးနောက် ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာခဲ့ရတယ်လို့ အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ပြောပါတယ်။
(Photo: AP/Masyudi Syachban Firmansyah)
ဆူလာဝေစီကျွန်းရဲ့ နေရာဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေ ညလုံးပေါက်ဖြစ်ခဲ့ပြီး မြစ်ရေများလျှံတက်ကာ ကျွန်းတောင်ပိုင်းရှိ ဒါဇင်နဲ့ချီတဲ့ ကျေးရွာများမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ပိုင်းဆူလာဝေစီမြို့တော် မာကက်စာမြို့ရဲ့ နေရာတွေမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ရေကြီးမြေပြိုမှုတွေကြောင့် ဂျီနီပွန်တိုဒေသမှာ လူငါးဦးသေဆုံးခဲ့ပြီး ဂိုဝါမှာ လူသုံးဦးသေဆုံးကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက အတည်ပြုထားပါတယ်။ ဒါ့အပြင် ရေကြီးမြေပြိုမှုများအတွင်း လူလေးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
(Photo: AFP)
ရေကြီးမြေပြိုမှု ဆိုးရွားစွာဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာ အချက်အလက်စုဆောင်းမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ "တောင်ပိုင်းဆူလာဝေစီရဲ့ နေရာဒေသတွေမှာ အင်္ဂါနေ့ကစပြီး မိုးသည်းခဲ့ရာက ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်" လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
သတင်းဓာတ်ပုံတွေအရ မြစ်ရေများလျှံတက်ပြီး စပါးခင်းတွေနဲ့ ကားတွေ ရေနစ်မြုပ်နေတာ တွေ့ရကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ရေကြီးမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာခဲ့ရပြီး ဒေသတွင်းရှိ တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။
(Photo: (Antara Foto/Sahrul Manda Tikupadang)
ရေကြီးမြေပြိုမှုဖြစ်တဲ့ နေရာဒေသတွေကနေ ရွှေ့ပြောင်းလာရသူတွေအတွက် အစားအစာနဲ့ ကယ်ဆယ်ရေးအတွက် လှေများလိုအပ်နေဆဲဖြစ်ကြောင်း နူဂရိုဟိုက ပြောပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှာဖွေရေးလုပ်ငန်းမှာ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားမှာ မြေပြိုမှုနဲ့ ရေကြီးမှုတွေ ကြုံတွေ့ရလေ့ရှိပြီး မုတ်သုန်ရာသီဖြစ်တဲ့ အောက်တိုဘာလနဲ့ ဧပြီလအတွင်း အဓိက ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်း ဆူမာတြာကျွန်းမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။