အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးများနဲ့ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ ၄၀ နီးပါး သေဆုံးကာ နောပ်ထက် လူဦးရေ တစ်ဒါဇင် ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ယနေ့ (ဧပြီ ၂၉ ရက်) ပြောပါတယ်။
(Photo: AFP)
ရေကြီးမြေပြိုမှုတွေကြောင့် လူဦးရေ ၁၂,၀၀၀ ရွှေ့ပြောင်းခဲ့ရပြီး ရာနဲ့ချီတဲ့ အဆောက်အအုံများ၊ တံတားများနဲ့ လမ်းများ ပျက်စီးခဲ့ပါတယ်။ ဆူမာတြားကျွန်းပေါ်ရှိ ဘန်ကူလူပြည်နယ်တစ်ဝှမ်း နေရာဒေသကိုးခုမှာ ရာသီဥတုဆိုးရွားမှု ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ နေရာအချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ရေကြီးခဲ့တဲ့ နေရာဒေသအချို့ဟာ အဆက်အသွတ်ပြတ်နေပြီ ပျက်စီးမှုအတိုင်းအတာကို အပြည့်အစုံ မသိရသေးကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။
(Photo: AFP)
"ဒီ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ သက်ရောက်မှုက မြင့်တက်လာနိုင်ပါတယ်၊ နောက်တစ်ကြိမ် မိုးသည်းမယ်ဆိုရင် မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်လာနိုင်ပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ဆိုပါတယ်။ ရေကြီးမှုများအတွင်း လူအချို့ ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းကပြောပါတယ်။
(Photo: AFP)
အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ကာ လူဦးရေ ၂,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။ အင်ဒိုနီးရှားမှာ မိုးရာသီကာလဖြစ်တဲ့ အောက်တိုဘာမှ ဧပြီလအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဆူလာဝေစီကျွန်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း AFP သတင်းမှာဖော်ပြပါတယ်။