အင်ဒိုနီးရှားမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ နေရာဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှုတွေကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီ အခြား လူခြောက်ဦး ပျောက်ဆုံးနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (မတ်လ ၈ ရက်) ပြောပါတယ်။ ရေကြီးမှုတွေကြောင့် လူပေါင်းရာနဲ့ချီ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်တစ်စင်းအဖြစ် သတ်မှတ်ထားတဲ့ ဂျာဗားကျွန်းပေါ်မှ စီတာရမ် (Citarum) မြစ်မှ မြစ်ရေများလျှံတက်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့အရှေ့ဘက်ရှိ ဘန်ဒေါင်းမြို့ ဆင်ခြေဖုံးဒေသ လမ်းမတွေပေါ်မှာ ရင်ဘတ်အထိရောက်တဲ့ ရေကြီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။



ရေကြီးမှုဖြစ်တဲ့ နေရာမှာနေထိုင်ကြသူတွေဟာ ဗောကွင်းများ၊ သစ်သားလှေငယ်များသုံးပြီး ရေဘေးကင်းလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းကြမှုကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ အဆိုအရ Flores ကျွန်းပေါ်ရှိ East Nusa Tenggara ပြည်နယ်မှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Timur Matahari/AFP)

ရေကြီးမြေပြိုမှုအတွင်း အခြား လူခြောက်ဦး ပျောက်ဆုံးနေကြောင်းနဲ့ လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာလမှ ဧပြီလအထိ ကြာမြင့်လေ့ရှိတဲ့ အင်ဒိုနီးရှား မိုးရာသီကာလအတွင်း ရေကြီးမှုတွေ ကြုံရလေ့ရှိတယ်လို့ ဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလကလည်း အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေစီပြည်နယ်မှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ လတ်တလော ရေကြီးမှုတွေကို အနောက်ဂျာဗားနဲ့ အရှေ့ဂျာဗား ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၃၀,၀၀၀ ကျော် ကြုံတွေ့နေရကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောထားပါတယ်။

(Photo: AFP)

မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံတက်မှု ဖြစ်ပေါ်နေတဲ့ စီတာရမ်မြစ်ဟာ ၁၈၆ မိုင်ကျော် ရှည်လျားပြီး အင်ဒိုနီးရှားရဲ့ လူဦးရေအထူထပ်ဆုံး ဂျာဗားကျွန်းနဲ့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဘာလီကျွန်းတို့အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရာမှာ အဓိက ရေအရင်းအမြစ်လည်း ဖြစ်ပါတယ်။

အဆိုပါ မြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်တစ်စင်းဖြစ်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ကမ္ဘာ့ဘဏ် (World Bank) က ကြေညာခဲ့ပြီး မီဒီယာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသမားတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုတွေရှိခဲ့ပါတယ်။ စီတာရမ်မြစ်ကို ဆယ်စုနှစ်များကြာ သန့်ရှင်းရေးလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပြီးနောက် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

(Photo: Sutopo Purwo Nugroho/Twitter)

ယမန်နှစ်မှာတော့ အာဏာပိုင်တွေက စီတာရမ်မြစ်ရဲ့ အဆိပ်သင့်မြစ်ရေတွေကို ၂၀၂၅ ခုနှစ်မှာ သောက်သုံးနိုင်တဲ့ အခြေအနေဖြစ်လာအောင် ဆောင်ရွက်သွားမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။ စီတာရမ်မြစ်ထဲမှာ နေအိမ်မှထွက်ရှိတဲ့ အမှိုက်များ၊ တိရိစ္ဆာန်မစင်များနဲ့ စက်ရုံများမှ စွန်ပစ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းများ မျောပါနေကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က