အဆောက်အအုံ ပြိုကျမှုတွေဖြစ်ပြီး လူအများအပြား ကြောက်လန့်တကြား လမ်းမများပေါ်သို့ ပြေးထွက်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အစွန်အဖျားဒေသရှိ မာလူကူကျွန်းစုမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယနေ့ (စက်တင်ဘာ ၂၆ ရက်) လှုပ်ခတ်ခဲ့ပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

"ငလျင်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၂၀ ဦး ဖြစ်ပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ အဂက်စ်ဝီဘိုဘိုက သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ ငလျင်လှုပ်မှုကြောင့် လူ ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး လူဦးရေ ၂,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်းနဲ့ သေဆုံးခဲ့သူတွေအနက် နို့စို့အရွယ်ကလေးတစ်ဦး ပါဝင်ခဲ့ကြောင်း ဝီဘိုဘိုက ဖြည့်စွက်ပြောပါတယ်။



ရစ်ချ်တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပြိုကျမှုတွေဖြစ်ပြီး လူအများအပြား ကြောက်လန့်တကြား လမ်းမများပေါ်သို့ ပြေးထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် နေအိမ်များပျက်စီးခဲ့ပြီး မြေပြိုကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ရာ သေဆုံးသူတွေအနက် အနည်းဆုံးတစ်ဦးဟာ မြေပြိုကျမှုအတွင်း နစ်မြုပ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

(Photo: Yusnita/AFP)

နောက်ထပ် လူနှစ်ဦးမှာ ငလျင်လှုပ်စဉ် အပျက်အစီးများ ပြုတ်ကျထိမှန်မှုကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ကုန်းမြင့်နေရာသို့ ဆိုင်ကယ်စီးပြီး ထွက်ပြေးနေစဉ် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနဲ့ ဒေသခံ ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ လူဦးရေ ၄၀၀,၀၀၀ နေထိုင်ရာ အမ်ဘွန်မြို့မှာ သွေးထွက်သံယိုဖြစ်နေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက ကူညီပေးနေတာ တွေ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ နေအိမ်များပျက်စီးနေမှု၊ နံရံများပြိုကျမှုနဲ့ လမ်းမပေါ်မှာ အပျက်အစီးများ ပြန့်ကျဲနေတာလည်း တွေ့ရပါတယ်။

(Photo: Aisyah Putri/AFP)

သို့သော် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို လတ်တလော အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် ဆေးရုံတစ်ရုံမှ လူနာအချို့ ကြောက်လန့်ထွက်ပြေးခဲ့ပြီး တာဝန်ရှိသူတွေက ဆေးရုံအပြင်ဘက်မှာ ယာယီရွက်ဖျင်တဲများ စီစဉ်ပေးခဲ့ရပါတယ်။

"ငလျင်လှုပ်တာကို အမ်ဘွန်တစ်မြို့လုံးနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ ခံစားသိရှိခဲ့ရတယ်၊ လူအများအပြားက ငလျင်လှုပ်လို့ အိပ်ရာကနေ လန့်နိုးခဲ့ကြတယ်၊ ထရပ်ကားတစ်စီး အနားကဖြတ်သွားသလိုမျိုးပဲ" လို့ အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဆိုင်ရာဌာန (BMKG) ရဲ့ ငလျင်နဲ့ဆူနာမီဌာန အကြီးအကဲ Rahmat Triyono က ပြောပါတယ်။

(Photo: Aisyah Putri/AFP)

အမေရိကန်အခြေစိုက် ငလျင်စောင့်ကြည့်ဝက်ဘ်ဆိုက် US Geological Survey က ဖော်ပြထားမှုအရ ငလျင်ဟာ မာလူကူပြည်နယ် အမ်ဘွန်မြို့ အရှေ့မြောက်ဘက် ၂၃ မိုင်အကွာ မြေအောက်အနက် ၁၈ မိုင်နေရာမှာ ဗဟိုပြုလှုပ်ခတ်သွားကြောင်း သိရပါတယ်။ အဆိုပါ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အမ်ဘွန်မြို့နဲ့ပတ်ဝန်းကျင်မှာ ရစ်ချ်တာစကေး ၅.၆ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် နောက်ဆက်တွဲငလျင် နှစ်ဒါဇင်ထက်မနည်း ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသတွင်းရှိ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် ဖြစ်လေ့အရှိဆုံး နိုင်ငံများအနက် တစ်နိုင်ငံလည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြရာ ပစိဖိတ်မီးကွင်း (Pacific "Ring of Fire") ဒေသမှာ တည်ရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း လူနေထူထပ်တဲ့ ဂျာဗားကျွန်းကမ်းလွန် ပင်လယ်ရေအောက်မှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီး လူငါးဦး သေဆုံးကာ အခြားလူအချို့ ဒဏ်ရာရခဲ့ပါတယ်။ ယမန်နှစ်အတွင်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူဦးရေ ၄,၃၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပါတယ်။

၂၀ဝ၄ ခုနှစ်ကလည်း အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ရာ အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာ လူပေါင်း ၁၇၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က