လွမ်ဘော့ကျွန်း အရှေ့ပိုင်းဒေသအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ပြင်းထန်တဲ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၄၇၆ ဦးကျော် သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ ရစ်(ခ်)တာစကေး ၆.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (သြဂုတ် ၁၉ ရက်) ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Photo: Sutopo Purwo Nugroho

ယနေ့ငလျင်ဟာ လွမ်ဘော့ကျွန်း အရှေ့ပိုင်းဒေသရှိ Belanting မြို့ရဲ့ အနောက်-အနောက်တောင်ဘက်ကို ဗဟိုပြုပြီး မြေအောက်အနက် ၄.၉ မိုင်အကွာမှာ လှုပ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် U.S. Geologial Survey (USGS) က ဖော်ပြပါတယ်။ ငလျင်ကြောင့် အနည်းငယ်ဒဏ်ရာရသူတွေနဲ့ နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက Twitter မှာ ရေးသားထားပါတယ်။



"ငလျင်လှုပ်တာကြောင့် လူတွေ ကြောက်လန့်တကြားဖြစ်ပြီး သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ကြတယ်၊ ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးမှုတွေကို စစ်ဆေးနေပါတယ်" လို့ ၎င်းက Metro TV ကို ပြောခဲ့ပါတယ်။

Photo: Sutopo Purwo Nugroho

ငလျင်လှုပ်မှုကြောင့် အမျိုးသားဥယျာဉ်တစ်ခုအတွင်း မြေပြိုကျမှုဖြစ်ခဲ့ကြောင်း သတင်းရရှိတယ်လို့ နူဂရိုဟိုက ဖြည့်စွက်ပြောပါတယ်။ ငလျင်လှုပ်မှုကို လွမ်ဘော့ကျွန်းအရှေ့ပိုင်းမှာ ပြင်းထန်စွာ ခံစားသိရှိခဲ့ရကြောင်း ဒေသခံတွေကဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ လွမ်ဘော့ (Lombok) ကျွန်းမှာ ယနေ့ (ဇူလိုင် ၂၉ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ထို့နောက် တစ်ပတ်မျှအကြာ သြဂုတ် ၅ ရက် ညပိုင်းမှာ ရစ်(ခ်)တာစကေး ၆.၉ ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်ဆုံး စာရင်းတွေအရ လူ ၄၇၆ ဦးကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Map: USGS

ဒါ့အပြင် သြဂုတ် ၉ ရက်မှာလည်း ရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။ လွမ်ဘော့ကျွန်းအပြင် အင်ဒိုနီးရှားနိုင်ငံ Raba မြို့မှာလည်း သြဂုတ် ၁၇ ရက်နေ့က ရစ်(ခ်)တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Photo: AFP

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က