အရေးအကြောင်းဟာ အသက်အရွယ်အလိုက် ၊ နေထိုင်ရာ အရပ်ဒေသအလိုက်၊ စားသောက်နေထိုင်မှုပုံစံအလိုက် ၊ မျိုးရိုးဗီဇအလိုက် ၊ အသားအရေအလိုက်ကွဲပြားခြားနားမှုပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာခြင်း မတူညီကြပါဘူး။ များသောအားဖြင့် အမျိုးသမီးတွေဟာ အသက် ၃၀နားနီးလာပြီဆိုရင် အရေးအကြောင်းတွေ ပေါ်လာတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေကတော့ အသက် ၃၀ ကျော်မှသာ ပေါ်လာတာမျိုးလည်း ရှိပါတယ်။
ဆရာကြီး ဒေါက်တာမြင့်သိန်းကတော့ အမျိုးသမီးတွေရဲ့ အရေးအကြောင်းနဲ အိုမင်းရင့်ရော်မှုတွေအကြောင်းကို ခုလိုပြောပြပါတယ်။
"အသက်အရွယ် ရလာတဲ့ သူတွေအတော်များများဟာ မျက်နှာမှာ အရေးအကြောင်း တွေေ ပါ်လာလို့ ၊အသားအရေ ပျော့တွဲလာလို့ ၊ မှန်မကြည့်ချင်တော့အောင် ဖြစ်တတ်ကြပါတယ် ။ မျက်နှာ ၊ လည်ပင်း ၊ နဲ့ လက် တွေမှာ ဖြစ်တာက ပိုထင်ရှားပါတယ် ။ အရေးအကြောင်း ဖြစ်ရခြင်းက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ ဖြစ်စဉ်ပါဘဲ ။ အရေပြားက တွယ်ဆက်တစ်ရှုး ( connective tissue ) မှာ ကော်လာဂျင် ( collagen ) နဲ့
အီလတ်စတင် ( elastin ) ဓါတ်များ ပျက်စီး လျော့ပါးလာတဲ့အတွက် အရေပြား ရှုံ့ တွဲကျ လာခြင်း ဖြစ်တာပါ ။ အသက်ရလာတော့ ဖိုက်ဘရိုဘလပ် ဆဲလ် ( fibroblasts ) များ ယိုယွင်းလာလို့ collagen နဲ့ elastin ထုတ်လုပ်မှု လျော့သွားလို့ပါ ။ အရွယ်မတိုင်မီ အရေပြား လျော့တွဲ ခြင်းကတော့ နေပူခံရလွန်းခြင်း ၊ ရေကြမ်း လေကြမ်း မြေကြမ်း ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း ၊ဆေးလိပ်သောက်ခြင်း ၊ စိတ်ဖိစီးခြင်း ၊ ရောဂါကြောင့် ပိန်ခြုံးခြင်း ၊ ဆေးဝါးများကြောင့်ဖြစ်ခြင်း ၊ ဗီတာမင် အီးဓါတ် ချို့ တဲ့ခြင်း နဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် ဖြစ်ပါတယ် ။
ဘယ်လိုကွဲပြားနေပါစေ၊ အမျိုးသမီးတိုင်းအတွက် တူညီတာ တစ်ခုကတော့ အရေးအကြောင်းတွေ မျက်နှာပေါ် မြင်နေရတာကို အနည်းနဲ့အများ စိုးရွံ့ထိတ်လန့်ကြတာပါပဲ။ ဒီလို အရေးအကြောင်းတွေ မဖြစ်အောင် Skin Care တွေနဲ့ ထိန်းသိမ်းကြသူတွေရှိသလို သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုနည်းလမ်းတွေက အရေးအကြောင်းတွေကို ပျောက်စေမှာလဲ။
နေလောင်ကာလိမ်းဆေးလူးပါ
အမျိုးသမီးတွေ သိထားကြတာက Sunscreen ဟာ နေလောင်ဒဏ်နဲ့ အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အရာလို့ သိထားကြပါတယ်။ 2013 ခုနှစ်က လေ့လာသိရှိချက်အရ Sunscreen ဟာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း နှောင့်နှေးသွားစေတယ်လို့ သိရပါတယ်။ တကယ်လို့သာ Sunscreen နေ့စဉ် လိမ်းတတ်တဲ့ အကျင့် ၊ moisturizer နေ့စဉ် လိမ်းတတ်တဲ့ အကျင့်လေးကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် ကျန်းမာနုပျိုလှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေမှာပါ။
သကြားစားသုံးမှုလျော့ချပါ
ဆေးပညာရဲ့ လေ့လာတွေ့ရှိမှုတွေအရတော့ သကြားစားသုံးမှုဟာ ကျန်းမာရေးအပေါ် အများကြီး တာသွားပါတယ်။ ခန္ဓာကိုယ်တွင်း သကြားဓာတ်များနေတာဟာ ရုပ်ရည်ကို ပိုပြီး ရင့်ရော်စေပါတယ်။ ကိုယ့်ရဲ့ မျက်နှာလေးကို နုပျိုလှပပြီး အိုမင်းရင့်ရော်မှုတွေနဲ့ အရေးအကြောင်းတွေ ဖြစ်မလာစေချင်ဘူးဆိုရင်တော့ အဆီများတဲ့ အစားအစာတွေနဲ့ သကြားစားသုံးမှုကို လျှော့ချပစ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဆေးလိပ်မသောက်ပါနဲ့
ဒီဘက်ခေတ်မှာ အမျိုးသမီးတချို့က ဆေးလိပ်သောက်သုံးမှုတွေရှိလာပါတယ်။ ဒီလိုဆေးလိပ်သောက်သုံးမှုဟာ ကျန်းမာရေးအလွန်ထိခိုက်စေပြီးတော့ မျက်နှာကို အိုမင်းရင့်ရော်စေပါတယ်။ ဆေးလိပ်သောက်သုံးသူသာမကပါဘူး၊ ဆေးလိပ်ငွေ့ရှူရှိုက်မိသူတွေကိုတောင် ကင်ဆာရောဂါ ၊ တခြားရောဂါတွေနဲ့အတူ အသားအရေကို ထိခိုက်ညစ်နွမ်းပြီး ရင့်ရော်စေတဲ့အတွက် ဆေးလိပ်သောက်တာပဲဖြစ်ဖြစ် ၊ ဆေးလိပ်ငွေ့ရှူရှိုက်မိတာပဲဖြစ်ဖြစ် အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
အုန်းဆီသုံးပါ
အရေးအကြောင်းတွေအတွက်တော့ အုန်းဆီဟာ သဘာဝအဆီဖြည့်ခရင်မ်ပါပဲ။ အုန်းဆီကို အသားအရေထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးမယ်ဆိုရင် အသားအရေ နူးညံ့စိုပြေလာမှုကို ခံစားရပါလိမ့်မယ်။ တကယ်တော့ စိုပြေနူးညံ့မှုတင်မကပါဘူး။ အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး နုပျိုချောမွေ့ခြင်းတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ခြောက်သွေ့အသားအရေတွေအတွက်တော့ အထူးထိရောက်တဲ့ ဆေးဝါးပါပဲ။ ဒါ့ကြောင့် အပတ်စဉ် မျက်နှာနဲ့ အသားအရေကို အုန်းဆီလိမ်းပေးတာမျိုး လုပ်ပေးတာက အထိရောက်ဆုံးနဲ့ အစွမ်းထက်ဆုံး skin care ပါပဲ။
အိပ်တဲ့အနေအထားကို သတိထားပါ
တချို့အရေးအကြောင်းတွေက အိပ်တဲ့ အနေအထားပုံစံတွေကြောင့် ဖြစ်တာမျိုးပါ။ ညတိုင်း အိပ်နေကျပုံစံအနေအထားက ခေါင်းအုံး ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကို ဖိထားမိတဲ့အတွက် ၊ အနေအထားတစ်ခုတည်းကိုပဲ ရှည်ကြာမြင့်စွာ အိပ်လာတဲ့အတွက် ရလာတဲ့ အစင်းကြောင်းမျိုးပါ။ နေ့စဉ်ရက်ဆက်ဖိလာခဲ့တဲ့ အရှိန်ကြောင့် အကြောင်းကြီးဟာ အသားအရေပေါ်မှာ စွဲကျန်ရစ်နေတာဖြစ်တဲ့အတွက် တော်တော်တော့ ကြည့်ရရုပ်ဆိုးပါတယ်။ ဒီလိုအရာတွေကိုတော့ အိပ်နေတဲ့ ပုံစံကို သတိထားပြောင်းပြီး ဖျောက်သင့်ပါတယ်။ ပက်လက်အနေအထားအိပ်မယ်ဆိုရင်တော့ အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို ရပ်တန့်စေပါလိမ့်မယ်။
ပုံမှန်မျက်နှာသစ်ပါ
တစ်နေ့ကို သုံးကြိမ်တွေ ၊ ငါးကြိမ်တွေ မျက်နှာသစ်နေစရာမလိုပါဘူး။ ညတိုင်း မိတ်ကပ်တွေ စင်ကြယ်သွားအောင်သွား သစ်ပေးဖို့လိုတာပါ။ မျက်နှာပေါ်က မိတ်ကပ်တွေကို မဆေးကြောဘဲ ညအိပ်ယာဝင်မယ်ဆိုရင် မိတ်ကပ်ထဲမှာ ပါဝင်တဲ့ Chemical ပစ္စည်းတွေက မျက်နှာအတွင်းထဲထိ စိမ့်ဝင်ပြီး အသားအရေကို ထိခိုက်ပျက်စီးတာမျိုး ၊ အရေးအကြောင်းတွေ ပေါ်ထွက်လာတာမျိုးဖြစ်တတ်ပါတယ်။ မျက်နှာမသစ်ချင်ဘူးဆိုရင်တောင်မှ ရေဓာတ်အခြေခံထုတ်ထားတဲ့ wet tissue လေးနဲ့ မျက်နှာကို သန့်စင်ပြီးမှ အိပ်ပါ။ မိတ်ကပ်မဖျက်ဘဲ အိပ်တာက အိုမင်းရင့်ရော်မှု နဲ့ အရေးအကြောင်းတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။
ခရမ်းလွန်ရောင်ခြည်ကို ရှောင်ပါ
Photo:Khin Mintzu Khaing FB
အရေးအကြောင်းကင်းစင်စေဖို့ဖြစ်ဖြစ်၊ နုပျိုလှပလိုလို့ပဲဖြစ်ဖြစ် ၊ ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အနည်းဆုံး ခရမ်းလွန်ရောင်ခြည်ရှောင်နေဖို့ကို အမြဲ ကိုယ့်ကိုယ်ကိုယ် သတိပေးနေပါ။ ဘာလို့လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအတွက် အကြီးမားဆုံး အန္တရာယ်ပါ။ မျက်နှာ၊ လည်ပင်း ၊ လက်မောင်း နဲ့ လက်တွေမှာ အရေးကြောင်းတွေ ပေါ်လာစေတဲ့ အဓိက တရားခံကလည်း ခရမ်းလွန်ရောင်ခြည်ပါပဲ။ ဒါ့ကြောင့် အတတ်နိုင်ဆုံး နေပူတဲ့နေရာတွေဆီ မသွားမိစေဖို့ သတိချပ်ရပါမယ်။
သင့်တင့်လျှောက်ပတ်တဲ့ အသားအရေထိန်းသိမ်းမှုကို ခံယူပါ
Photo - Ei Shaw Bon San
အသက်အရွယ်အရ အသားအရေမှာလည်း ယိုယွင်းပျက်စီးတာတွေ ရှိလာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အသားအရေ ၊ ကိုယ့်အသက်အရွယ်နဲ့ လိုက်လျောညီထွေရှိစေမယ့် ထိန်းသိမ်းစောင့်ရှောက်မှုတွေကိုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါက Skin Care Product တွေနဲ့ ထိန်းသိမ်းတာမျိုးရှိသလို စားသောက်မှုပုံစံတွေနဲ့ ထိန်းသိမ်းတာမျိုးလည်း ရှိပါတယ်။ ဘလူးဘယ်ရီသီး ၊ ပဲအမျိုးမျိုး ၊ စပျစ်သီး ၊ ကိုက်လန် နဲ့ ဟင်းနုနယ်ရွက်တွေဟာ အသားအရေအပြင်ပန်းကိုရော အတွင်းပိုင်းကိုပါ အာဟာရဓာတ်ပြည့်ဝစေပြီး နုပျိုလှပစေပါတယ်။
လွယ်ကူရိုးရှင်းပြီး အရေးအကြောင်းပျောက်စေတဲ့ သဘာဝနည်း နှစ်ခုအကြောင်းလည်း ပြောပြပေးချင်ပါတယ်။ တစ်ခုကတော့ ရှားစောင်းလက်ပပ်နဲ့ပါ။ ရှားစောင်းလက်ပပ်ကို ရက်၉၀တိုင်တိုင်အိပ်ယာမဝင်ခင် နေ့စဉ်လိမ်းပေးမယ်ဆိုရင် အရေးအကြောင်းတွေကို လျော့ပါးသက်သာသွားစေနိုင်ရုံမက ခြောက်သွေ့အသားအရေတွေကိုပါ စိုပြေချောမွေ့သွားစေနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ငှက်ပျောသီးပါ။ ငှက်ပျောသီးမှာ အသားအရေအတွက်လိုအပ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင်တွေပြည့်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးကို မျက်နှာမှာ သုတ်လိမ်းပြီး ၁၅-၂၀ အတွင်း ပေါင်းတင်ကာ ရေနွေးနွေးလေးနဲ့ ဆေးချပေးရပါမယ်။ ဒီလိုမျိုး အပတ်စဉ် လုပ်ပေးသွားနိုင်မယ်ဆိုရင် မျက်နှာပေါ်က အရေးအကြောင်းတွေကို တာ့တာ လုပ်လိုက်လို့ရပါပြီ။
ဒီအကြောင်းတရားတွေကတော့ သဘာဝနည်းလမ်းတွေနဲ့ အရေးအကြောင်းတွေကို ကာကွယ်နိုင်သလို လျော့ပါးသက်သာစေပါတယ်။ ဘာမှအထူးတလည် အပင်ပန်းခံ ၊ ငွေကုန်ကျခံနေစရာမလိုဘဲ ကိုယ့်ရဲ့ လူနေမှုပုံစံ၊ စားသောက်မှုပုံစံတွေကို မှန်ကန်စေခဲ့မယ်ဆိုရင် အရေးအကြောင်း ကင်းကင်းနဲ့ နုပျိုလှပမှုတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Share