ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဗစ်တိုးရီးယားအမှုမှာ တရားမစွဲဆိုခင်ကတည်းက သက်ရှိ၊ သက်မဲ့ သက်သေတွေအရ ဖြစ်နိုင်ချေရှိတဲ့ အောင်ကြီးကိုပဲ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။

နေပြည်တော်က ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင်လွှတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အောင်ကြီးကိုတရားစွဲဆိုခဲ့ရတဲ့ သက်သေအထောက်အထားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

 "ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်လို့ စုံစမ်းစစ်ဆေးရာမှာ လူသက်သေ ၊ သက်မဲ့ သက်သေတွေ ပြီးဆုံးအောင်စစ်ဆေးပြီးမှ ဥပေဒေအကြောင်းအရ စွဲချက်တင်သင့်ကြောင်းနဲ့ အခုလိုစစ်ဆေးနေဆဲမှာ တရားရှင်လွှတ်လိုက်တာက စောလွန်းတယ်" လို့ မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်စိုးနိုင်ဦးကပြောပါတယ်။ 

ရဲတပ်ဖွဲ့ကရှင်းလင်းမှုအပြီးမှာ မီဒီယာတွေရဲ့ အမေးအဖြေကဏ္ဍမှာတော့ သံသယတရားခံအောင်ကြီးက အခုလွတ်သွားပြီးဆိုတော့ နောက်ထပ်တရားခံကို ဘယ်လိုရှာဖွေမလဲဆိုပြီး မေးမြန်းခဲ့ရာမှာ

“ ကျွန်တော်တို့က တရားမစွဲခင်ကတည်းက ဖြစ်နိုင်ခြေရှိတဲ့ သူတွေကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ အဲဒီအပေါ်မှာမှ သက်ရှိ၊ သက်မဲ့ သက်သေအထောက်အထား တွေနဲ့ အောင်ကြီးကို တရားစွဲဆိုခဲ့တာဖြစ်တယ် “ မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်စိုးနိုင်ဦးကပြောပါတယ်။

 သက်သေတွေအရ ဗစ်တိုးရီးယားမှာတွေ့ရှိတဲ့ သုတ်ပိုးနဲ့ အောင်ကြီးမှာတွေ့ရှိတဲ့ သုတ်ပိုးတွေက DNA တူလားဆိုတာမှာ သက်သေပျောက်ဆုံးသွားတဲ့ အတွက် DNA တူ၊ မတူဆိုတာကိုသေချာမသိရပါဘူး။ “အောင်ကြီးကိုတရားစွဲဆိုထာတဲ့ သက်သေတွေကလည်း အခြေအမြစ်မရှိတာမဟုတ်ဘူး။ အခုတင်ထားတဲ့ သက်သေတွေကလည်း အောင်ကြီးကို သံသယဖြစ်ဖွယ်၊စွပ်စွဲဖွယ်ရာဖြစ်နေတဲ့ သက်သေတွေဖြစ်တယ်” လို့ မှုခင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှုးကြီးမင်းဟန်ကပြောခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ရဲတပ်ဖွဲ့အနေနဲ့ အောင်ကြီးတစ်ယောက်တည်းသာ သံသယတရားခံဖြစ်နိုင်ခြေရှိတဲ့ အခြေအနေကြောင့် တရားစွဲဆိုခဲ့တဲ့ သဘောမျိုးတွေကို ဖြေကြားခဲ့ပါတယ်။ အခုလွှတ်လိုက်တာလဲ တရားရှင်လွှတ်လိုက်တာဖြစ်လို့ တရားရုံးရဲ့ စီရင်ချက်ကို သုံးသပ်ပြီးမှ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအမှုရဲ့တရားခံကို ပေါ်အောင် ရဲတပ်ဖွဲ့ကပြည်သူတွေကို ကတိပေးနိုင်လားဆိုပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှာတော့ ဒီအဖြေကိုပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

Share

Loading Next Article...
က္က