In partnership with  logo
အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်သူတွေ လက်ကိုင်ကျင့်သုံးတဲ့ အရာတွေကို လိုက်လုပ်နိုင်ဖို့လိုပါတယ်။

အောင်မြင်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ၊ လိုက်နာကျင့်သုံးရတာတွေ အများကြီးရှိပါတယ္ဉ်။ အောင်မြင်မှုတွေက အလကားရရှိလာတာတော့ မဟုတ်ပါဘူး။ အောင်မြင်သူတိုင်းဟာ အောင်မြင်စေတဲ့ လျှိူ့ဝှက်ချက်လေးတွေ ရှိနေကြစမြဲပါပဲ။ ပါးစပ်ကနေ အောင်မြင်ချင်ကြောင်း တဖွဖွပြောဆိုနေလို့ မရပါဘူး။ အောင်မြင်အောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။ အောင်မြင်ဖို့အတွက် ကိုယ်တကယ်လိုက်နာကျင့်သုံးရမယ့်အရာတွေက ဘာတွေလဲ ၊ အောင်မြင်သူတွေရဲ့ လက်ကိုင်ထားတဲ့ လျှိူ့ဝှက်ချက်တွေက ဘာလဲ ဆိုတာကို ခုပဲ မဒီတို့အတွက် ပြောပြပေးချင်ပါတယ်။

လုပ်စရာရှိတာ ချက်ချင်းလုပ်ဆောင်တတ်ပါတယ်

အောင်မြင်သူတွေက အလုပ်တွေကို လေးဖင့်မနေပါဘူး။ အောင်မြင်ချင်တယ်ဆိုရက်တော့ လုပ်စရာရှိတာကို ချက်ချင်း ထလုပ်တတ်ဖို့ လိုပါလိမ့်မယ်။ လုပ်စရာရှိတာကို ချက်ချင်းမလုပ်ဘဲ အပျင်းကြီးနေပြီး အောင်မြင်ချင်လိုက်တာလို့ အော်နေလို့တော့ ဘယ်သူကမှ ကိုယ့်ဆီကို အောင်မြင်မှုယူလာပေးမှာ မဟုတ်ပါဘူး။ ကိုယ်အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်အောင် လုပ်ရမယ့် နည်းလမ်းတွေကို မြင်တတ်ရပါမယ်။ အောင်မြင်တဲ့ နည်းလမ်းတွေကို မြင်ဖို့ဆိုတာ ကိုယ့်ဆီမှာ အလုပ်တွေပုံမနေဘဲ အေးဆေးဖြစ်နေမှ ရပါမယ်၊ လုပ်စရာ ရှိတာ ကိုယ်က အကြွေးမထားဘဲ လုပ်ထားမှသာ စိတ်အေးလက်အေးနဲ့ ကိုယ့်ကို အောင်မြင်စေမယ့်နည်းလမ်းတွေကို တွေးတောဖို့ အချိန်ရနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀ အောက် စွန့်ဦးတီထွင်ပညာရှင်လူငယ်များ စာရင်းထဲမှာ ထည့်သွင်းဖော်ပြခံခဲ့ရသူတစ်ဦးဖြစ်ပြီး ASEAN Business Awards တစ်ခုဖြစ်တဲ့ Digitized MSME (နည်းပညာသုံး အသေးစားလုပ်ငန်း) ဆုအမျိုးအစားအတွက် မြန်မာနိုင်ငံ Country Winner အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ချိတ်ဆက်ကွန်ယက်တည်ထောင်သူ မဟန်နီမြဝင်းကလည်း သူ့ရဲ့ အလုပ်အပေါ်အာရုံစိုက်လုပ်ကိုင်တတ်ပုံအကြောင်း Duwun ကို ခုလို ပြောပြပါတယ်။

"ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲဆိုတဲ့ စကားကို အမြဲပြောဖြစ်တယ်။ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မှာလဲ၊ If not now, when? အခုမှ မလုပ်ရင် ဘယ်ချိန်သွားလုပ်မှာလဲ၊ ကိုယ်မှမဟုတ်ရင် ဘယ်သူလဲပေါ့။ အဲဒီလိုကိုယ့်ကိုယ်ကိုယ် မေးဖြစ်တယ်ဆိုရင် အလုပ်ထလုပ်ဖြစ်တာ များတယ်။ ဒီနေ့မှမဟုတ်ရင် နောက်နေ့ဆိုတာ မသေချာဘူး၊ ငါမှမဟုတ်ရင် တခြားသူဆိုတာက အစိုးမရဘူး။ ငါ့ဘာသာငါ လုပ်မယ်ဆိုပြီး ထလုပ်ဖြစ်တာ များတယ်။"

ကိုယ့်အလုပ်ကို တန်ဖိုးထားတတ်ပါတယ်

အောင်မြင်သူတွေဟာ သူတို့လုပ်ဆောင်ချက်တွေကို သေးသေးမွှားမွှားလေးကစလို့ အလေးထားတတ်ကြသူတွေဖြစ်ပါတယ်။ တချို့က ကိုယ်လုပ်နေတဲ့ အရာဟာ ဘာမှအရေးမပါသလို ခံစားနေတတ်ကြပါတယ်။ ကိုယ်လုပ်တဲ့အရာအပေါ်မှာ ကိုယ်ကိုယ်တိုင်တောင် အရေးမပါသလို တန်ဖိုးမထားနိုင်ဘူးဆိုရင် ကိုယ်မဟုတ်တဲ့သူများက ကိုယ်လုပ်တဲ့အရာတွေအပေါ် အရေးပါတယ်လို့ ထင်ပါတော့မလား စဥ်းစားပါ။ သူတပါးက ကိုယ်လုပ်တဲ့အရာတွေအပေါ် အလေးမထားရင်တောင် ကိုယ်က ကိုယ်လုပ်တဲ့ အလုပ်အပေါ် တန်ဖိုးထားဖို့လိုပါတယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့ အလုပ်ဖြစ်ပါစေ၊ ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ် တန်ဖိုးထားလေးစားဖို့ လိုအပ်ပါတယ်။

ကိုယ့်အကြံဥာဏ်အပေါ် အလေးထားကြပါတယ်



အောင်မြင်သူတွေဟာ သူတို့ဦးနှောက်က ထွက်လာတဲ့ အကြံဥာဏ်ကို အလေးထားတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ အတွေးဟာ သူတပါးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် အမျိုးသမီးတွေက ကိုယ့်ခေါင်းထဲက ထွက်လာတဲ့ အကြံဥာဏ်တွေအပေါ် သိပ်မယုံကြည်တတ်ကြပါဘူး။ ငါတွေးတာများ မှားနေမလား ၊ ငါ တွေးတာကို ပြောလိုက်ရင် အားလုံးက ဝိုင်းဟားကြမလားဆိုပြီး တွေးပူမနေပါနဲ့။ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ အကြံဥာဏ်အပေါ် ယုံကြည်မှုရှိပါ။





ချစ်တဲ့အရာကို လုပ်ကြပါတယ်

ချစ်တဲ့အရာတွေဆိုတာ ကိုယ့်စိတ်ထဲက မြတ်မြတ်နိုးနိုး တကယ်လုပ်ချင်တဲ့ အရာအပေါ်မှာ စိတ်နှစ်ပြီး လုပ်တာကို ဆိုလိုတာပါ။ ကိုယ်လုပ်နေတဲ့ အရာတွေအပေါ် ကိုယ်က စိတ်မပါလက်မပါဖြစ်နေတယ်ဆိုရင် အောင်မြင်ဖို့ဆိုတာ အဝေးကြီးရောက်သွားပါလိမ့်မယ်။ အောင်မြင်ဖို့ဆိုတာ ကိုယ်ဝါသနာပါတာ၊ ကိုယ်တကယ်စိတ်ပါတဲ့ အလုပ်ကို လုပ်မှသာ အောင်မြင်မှာပါ။ ဒါ့ကြောင့် အောင်မြင်ချင်ရင် ကိုယ်ချစ်တဲ့ အရာကိုသာ လုပ်ပါ။

စည်းဘောင်တွေထက် ကျော်မြင်တတ်ကြပါတယ်

အောင်မြင်သူတွေဟာ ကန့်သတ်ချက်တွေ ၊ စည်းဘောင်တွေရဲ့ ပြင်ပကနေ ဖောက်ထွက်ပြီး တွေးခေါ်နိုင်စွမ်းရှိကြပါတယ်။ လူတိုင်းနဲ့ တန်းတူ တွေးခေါ်နိုင်ရုံနဲ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်ချင်တဲ့သူဟာ သူများတွေနဲ့မတူတဲ့ အတွေးအခေါ်၊ စဥ်းစားနိုင်စွမ်းတွေ ရှိတတ်ကြပါတယ်။ ကိုယ်က အောင်မြင်ချင်တယ်ဆိုရင်တော့ သူများတွေ တွေးနေကျ သာမန်အတွေးအခေါ်တွေကနေ ဖောက်ထွက်ပြီး တွေးဖို့ လိုအပ်ပါတယ်။

Lady Grace Diamond Land တည်ထောင်သူဖြစ်ပြီး YIP - Yangon Institute of Professionals ရဲ့ ကျောင်းအုပ် မနန်းတင်မိုးသူကတော့

အောင်မြင်သူတွေရဲ့ ခံယူချက် ၊ စိတ်နေစိတ်ထားအကြောင်း Duwun ကို ခုလိုပြောပြပါတယ်။

"အောင်မြင်သူတွေဟာ ကိုယ်ပိုင်စဥ်းစားဥာဏ်၊ ကိုယ်ပိုင်တွေးခေါ်ဥာဏ်ရှိတယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ်ရှိတယ်။ သူများဆီက အကြံဥာဏ်ယူခဲ့တာမျိုးတွေ ရှိလာရင်လည်း တကယ်သေသေချာချာ အကောင်အထည်ဖော်တယ်။ အောင်မြင်သူတွေက အကြောင်းပြချက်သိပ်မရှိကြဘူး။ သူများလုပ်ရင် ငါလည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ရှိကြတယ်။ သူတို့ရဲ့ အချိန်မှန်သမျှ၊ သူတို့ရဲ့ အတွေးတိုင်းမှာ အလုပ်ကို အဓိကထားတယ်။ ဘယ်အချိန်မှာ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို အမြဲတွေးနေတတ်ကြတယ်။"

ဒီအချက်ကလေးတွေကိုသာ လိုက်နာပြီး သေချာလုပ်သွားမယ်ဆိုရင် ကိုယ်ကျင်လည်နေရာ ဝန်းကျင်မှာ ကိုယ်ဟာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီအတိုင်း ရေစုန်မြောလိုက်နေပြီး ပုံမှန်လေး နေထိုင်သွားရုံနဲ့တော့ အောင်မြင်သူဖြစ်မလာနိုင်ပါဘူး။ ဒါ့ကြောင့် တကယ်အောင်မြင်ချင်တဲ့သူဆိုရင်တော့ ကိုယ့်ရဲ့ အချိန်၊ ကိုယ်ရဲ့ ကိုယ်စွမ်းဥာဏ်အားတွေကို စိုက်ထုတ်ပြီး အောင်မြင်အောင် ဘဝကို ပုံဖော်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က