အာနိုးလ်၊ ဆာလာ၊ ဖာဘင်ဟို နဲ့ မာနေးတို့ရဲ့ ဂိုးတွေကြောင့် အန်ဖီးလ်မှာ ဂိုးပြတ်အနိုင်ယူအပြီး လီဗာပူးလ်ဟာ ဆုဖလားကို ရယူနိုင်ဖို့ လက်တစ်ကမ်းအကွာမှာသာရှိနေပါတော့တယ်။
ခရစ္စတယ်ပဲလေ့ကို အိမ်ကွင်းမှလေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးဆာလာက သူတို့အသင်းအောင်ပွဲခံဖို့ အချိန်ရောက်လာပြီလို့ ကြွေးကြော်လိုက်ပါတယ်။ အာနိုးလ်၊ ဆာလာ၊ ဖာဘင်ဟို နဲ့ မာနေးတို့ရဲ့ ဂိုးတွေကြောင့် အန်ဖီးလ်မှာ ဂိုးပြတ်အနိုင်ယူအပြီး လီဗာပူးလ်ဟာ ဆုဖလားကို ရယူနိုင်ဖို့ လက်တစ်ကမ်းအကွာမှာသာရှိနေပါတော့တယ်။
ဒီနေ့ညမှာ ချယ်လ်ဆိးနဲ့ မန်စီးတီးတို့ကစားမှာဖြစ်ပြီး မန်စီးတီးအရေးနိမ့်ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်ဟာ အမှတ်ပေးဖလားကို ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ရယူနိုင်မှာဖြစ်ပြီး သူတို့အတွက် အောင်ပွဲခံဖို့ အချိန်ဖြစ်တယ်လို့ ဆာလာက Sky Sports ကို ပြောဆိုခဲ့ပါတယ်။
"ကျွန်တော့်ခံစားချက်တွေအရမ်းကောင်းနေတယ်၊ ဒီကိုရောက်လာကတည်းက အမှတ်ပေးဖလားကို ဒီအသင်းနဲ့အတူ ရယူချင်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်၊ လီဗာပူးလ်က အမှတ်ပေးဖလားကိုမရရှိတာ အချိန်အကြာကြီးရှိနေခဲ့ပါပြီ၊ အခုကတော့ ဆုဖလားရယူဖို့ မှန်ကန်တဲ့အချိန်ပါပဲ၊ ပြီးခဲ့တဲ့နှစ်ကလည်း အမှတ်ပေးဖလားကို ရယူနိုင်ဖို့ ကျွန်တော်တို့ အခွင့်အရေးရှိခဲ့တာပါ"
"ဒါပေမယ့် မန်စီးတီးအသင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကောင်းမွန်ခဲ့ပြီး သူတို့တွေ ထိုက်တန်တဲ့အောင်မြင်မှုရရှိခဲ့ပါတယ်၊ အခုကတော့ ကျွန်တော်တို့တွေ အောင်ပွဲရယူဖို့ အချိန်ပါပဲ၊ ဒါက တကယ်ခမ်းနားကြီးကျယ်ပါတယ်" လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။ ဆာလာကတော့ အိမ်ကွင်းမှာ ဂိုးသွင်းယူပြီးနောက် ဒီရာသီအိမ်ကွင်းသွင်းဂိုး ၁၅ ဂိုးအထိ ရရှိခဲ့ပြီး အခြားဘယ်ကစားသမားထက်မဆို ပိုမိုများပြားနေခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြကလော့ပ်ကလည်း "ချယ်လ်ဆီးနဲ့မန်စီးတီးပွဲကို ကျွန်တော်ကြည့်သွားမှာပါ၊ ဒါပေမယ့် အောင်ပွဲခံဖို့တော့ မပြင်ဆင်သေးပါဘူး၊ မန်စီးတီးနဲ့ နောက်တစ်ပတ်မှာ ကစားရမှာမို့လို့ ဒီပွဲကို ကြည့်ရှုသွားမှာပါ၊ ချယ်လ်ဆီးနဲ့ ကစားရတာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်သွားမှာပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။