ရိုက်နှက်ခဲ့တဲ့သင်တန်းဆရာနှစ်ဦးကိုလည်း အလုပ်က ရပ်နားထားပါတယ်။

အသက် (၁၀) နှစ်အရွယ် စကားမပြောနိုင်တဲ့ အော်တစ်ဇင်ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့ New World Therapeutic Training Centre သင်တန်းကျောင်းမှ ဆရာနှစ်ဦးကို အလုပ်ကနေ ရပ်နားထားပြီး အဆိုပါ သင်တန်းကျောင်းကိုလည်း ယာယီပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

“ ဆရာနှစ်ယောက်က ကလေးကို ရိုက်နှက်ခဲ့တဲ့အမှုမှာ မိဘတွေဘက်ကလည်း အမှုဖွင့်ထားတာရှိတော့ အခုကျောင်းပါ ပိတ်ရတဲ့အဆင့်ထိ ရောက်သွားတာပေ့ါ။ ဒီဇင်ဘာ (၁၁) ရက်နေ့က စပိတ်ထားတယ်လို့ သိရတယ်” လို့ မြောက်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က Duwun ကိုပြောပါတယ်။

ရိုက်နှက်ခဲ့မှု ဖြစ်ပွားပြီးတဲ့နောက် သင်တန်းကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ နိုဝင်ဘာ (၂၇) ရက်က တွေ့ဆုံခဲ့သေးတယ်လို့ ကလေးငယ်ရဲ့ မိခင် ဒေါက်တာ ခန့်ခန့်ဝင်းရွှေက Duwun ကိုပြောပါတယ်။

“ ကျောင်းအုပ်ချုပ်သူတွေနဲ့ ကျွန်မတွေ့ခဲ့ပါတယ်။ တောင်းပန်ကျေအေးဖို့၊ ညှိနှိုင်းဖို့တွေတော့ မဟုတ်ဘူး။ ကျွန်မသားကို ဘယ်လို Training ဆက်ပေးမလဲဆိုတာတွေကို ဆွေးနွေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ကျွန်မတို့ လုံး၀ အဆက်အသွယ်မရှိဘူး။ ကျောင်းဘက်ကနေ ဒီကိစ္စကို တောင်းပန်တာမျိုးလည်းမရှိပါဘူး” လို့ ဒေါက်တာခန့်ခန့်ဝင်းရွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ရက်က ကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်ရဲ့ မျက်နှာ ညိုမဲဒဏ်ရာတွေကို မိခင်က တွေ့ရှိခဲ့တာကြောင့် သင်တန်းကျောင်းက CCTV မှတ်တမ်းကို တောင်းယူကြည့်ခဲ့ရာ ကလေးငယ် ရိုက်နှက်ခံရကြောင်း သိရှိခဲ့ရတာပါ။

ရိုက်နှက်ခံရမှုကြောင့် ကလေးငယ်မှာ စိတ်ဒဏ်ရာ ရနေတာကြောင့် ဆေးကုသမှုခံယူထားရာ အခြေအနေကောင်းမွန်လာပြီ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောပါတယ်။

“ သားကတော့ ဒီရက်ပိုင်းမှာ အမူအရာလေးတွေ နူးညံလာပြီ။ သားကိုတော့ ကျောင်းဆက်ထားဖို့၊ မထားဖို့ မစဉ်းစားထားဘူး။ အစ်မပဲ အနီးကပ်သေချာစောင့်ရှောက်မယ်” လို့ ဆိုပါတယ်။

လက်ရှိတော့ ကလေးငယ်ကို ရိုက်နှက်ခဲ့သူဆရာနှစ်ဦးကို တရားစွဲဆိုထားမှုမှာ ဥပဒေအကြံတောင်းခံထားပြီး ခရိုင်ဥပဒေရုံးကို ရောက်နေပြီလို့သိရပါတယ်။

ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့ ဆရာ နှစ်ဦးကို မြောက်ဒဂုံမြို့မရဲစခန်းမှာ မသန်စွမ်းသူများ ဥပဒေပုဒ်မ ၁၀၃ (က) နဲ့ အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းကတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့လည်း သိရပါတယ်။

New World Therapeutic Training Centre သင်တန်းကျောင်းဟာ အထူးစောင့်ရှောက်ဖို့ လိုအပ်တဲ့ကလေးများ အတွက် ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ကျောင်းဖြစ်ပြီး နှိပ်စက်ခံခဲ့ရတဲ့ အော်တစ်ဇင်ကလေးငယ် အဲဒီကျောင်းမှာ တက်ရောက်နေတာ (၈) နှစ်ခန့် ရှိနေပြီလို့ သိရပါတယ်။

 ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး New World Therapeutic Training Centre သင်တန်းကျောင်းကို Duwun က ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။


Share

Loading Next Article...
က္က