AFC Cup ပလေးအော့အဖြစ် အင်ဒိုနီးရှားကလပ် PSM Makassar နဲ့ အင်ဒိုနီးရှားမှာ သွားကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်ဟာ ၄-၀ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့် ဝင်ရောက်ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်မှာ တိုက်စစ်မှူးဆယ်လာ မပါဝင်ခဲ့ဘဲ ကျန်အဓိကကစားသမားတွေတော့ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲအစ ၆ မိနစ်မှာပဲ ရန်ကုန်တို့ အဖွင့်ဂိုးပေးခဲ့ရပြီး ရုန်းကန်သွားခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းကတော့ အင်ဒိုနီးရှားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်းဖြစ်ပေမယ့် အုပ်စုအဆင့်ကို ဝင်ရောက်ကစားခွင့်ရဖို့ ရန်ကုန်ကိုတော့ ဂိုးတွေအများကြီးသွင်းကာ အနိုင်ယူသွားခဲ့တာပါ။
နည်းပြသစ် ဂတ်ဆီဇီအတွက်လည်း စိတ်ပျက်စရာကောင်းတဲ့ ရှုံးပွဲတပွဲဖြစ်လာခဲ့ပါတယ်။ ရန်ကုန်ဟာ နေရှင်နယ်လိဂ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့် အင်ဒိုနီးရှားကလပ်ကိုတော့ မယှဉ်နိုင်ခဲ့ဘဲဖြစ်ခဲ့ကာ အသင်းနှစ်သင်းကြား ကွာခြားမှုတွေ အများကြီးရှိတယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
မြန်မာနေရှင်နယ်လိဂ်အသင်းတသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်ကတော့ နေရှင်နယ်လိဂ်မှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံဖြစ်ခဲ့လို့ အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး မနက်ဖြန်မှာ အုပ်စုအဆင့်အတွက် မဲခွဲမှုတွေ ပြုလုပ်သွားမှာပါ။