အောင်သူရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ရတနာပုံအသင်း ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပဲ ကစားသမားကို စိတ်ကြိုက် အပြောင်းအရွှေ့ ကိစ္စ လုပ်ဆောင်ခွင့်ပြုခဲ့တယ်လို့ ဒေါက်တာစိုင်းက အတည်ပြု ပြောခဲ့ပါတယ်။
ရတနာပုံအသင်းနဲ့ အောင်သူတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ နောက်ထပ် ၃ နှစ်သက်တမ်း ကျန်ရှိနေ သေးတယ်လို့ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက DuwunSportsကို ပြောပါတယ်။
ဒီနှစ်မှာ အောင်သူကို အသင်းမှာ ဆက်ထိန်းထားခဲ့ပြီး ပြည်ပကလပ်ကို စေလွှတ်ခြင်းမရှိတဲ့အပေါ်မှာလည်း ဒေါက် တာစိုင်းဆမ်ထွန်းက အခုလို ရှင်းလင်းပြောခဲ့ပါတယ်။
“ ကျွန်တော်ဒီနှစ် သူ့ကို အသင်းကိုယ်ပိုင်ရှာခိုင်းခဲ့ပါတယ်။သူအသင်းရှာမရတဲ့အဆုံး ကျွန်တော့်အသင်းမှာပဲ ပြန် ကစားဖို့ ဆုံးဖြတ်ပေးခဲ့တာပါ။သူနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ နောက်ထပ် ၃ နှစ် သက်တမ်းရှိပါသေး တယ်။”လို့ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောပါတယ်။
အောင်သူအတွက် ဒီနှစ်မှာ ရတနာပုံအသင်းအနေနဲ့ မည်သည့်ကလပ်သင်းနဲ့မှ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ခြင်း မရှိပဲ အောင်သူ့ကိုယ်တိုင်ကိုပဲ လွတ်လပ်စွာ အသင်းရှာခိုင်းခဲ့တာလို့လည်း သိရပါတယ်။
ဒါကြောင့် အောင်သူနဲ့ ပြည်ပကလပ်အသင်းကြား ရတနာပုံအသင်းအနေနဲ့ ဝင်ရောက် စွက်ဖက်ခဲ့ခြင်းမရှိခဲ့ဘူးလို့ လည်း ဒေါက်တာစိုင်းက ပြောပါတယ်။
“လာမယ့်နှစ်မှာတော့ အောင်သူကို ခေါ်ယူမယ့်အသင်းပေါ်လာခဲ့မယ်ဆိုရင်တော့ လွှတ်ပေးဖို့ အဆင်သင့်ပါပဲ။သူ လခ ကောင်းကောင်းရမယ်ဆိုရင် လွှတ်မှာပဲလေ။အခုက သူ့ကိုယ်တိုင် ညှိနှိုင်းတာ အဆင်မပြေလို့ မသွားဖြစ်တာ ပါ။”လို့ ဒေါက်တာစိုင်းက ဆက်လက်ပြောပါတယ်။
အခုလို ရတနာပုံအသင်းမှာ ပြန်ကစားမယ့် အောင်သူကိုတော့ ရတနာပုံအသင်းအနေနဲ့ ပုံမှန်ထက် လစာ အနည်းငယ် တိုးပေးထားတယ်လို့ ဒေါက်တာစိုင်းက အတည်ပြုပေးခဲ့ပြီး အောင်သူအနေနဲ့ ကျောနံပါတ် ၉၉ ဝတ်ဆင်ကစားပါမယ်။