နိုင်ငံခြားသားဧည့်သည်တွေ ကို ဆွဲဆောင်မယ့် အဖျော်ယမကာဆိုင်တွေ ပါဝင်တဲ့ပန်းဆိုးတန်း စနေ၊တနင်္ဂနွေ ညဈေးုကို မေလ ၄ ရက်က စတင်ဖွင့်လှစ် လိုက်ပြီလို့သိရပါတယ်။
မေလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် Yangon Weekend Market
ပန်းဆိုးတန်းအောက်ဘလောက် ဘဏ်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အစားအသောက်ဆိုင်တွေ အပြင် အဝတ်အထည်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင် တွေအပါအဝင် ဆိုင်ခန်းပေါင်း ၈၀ ကျော် ပါဝင်ရောင်းချနေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားရိုးရာ အစားအစာ၊ မြန်မာ့ရိုးရာအစားအစာတွေကိုလည်း ရောင်းချနေတာဖြစ်ပြီး သန့်သန့်ရှင်းရှင်းနဲ့ ရောင်းချနိုင်အောင် စီစဉ်ထားတယ်လို့ Yangon Weekend Market ကို စီစဉ်သူ မမေမြတ်အောင်က Duwun ကိုပြောပါတယ်။
“ နိုင်ငံခြားသားခရီးသွားတွေ ပိုလာအောင် ဒီညဈေးမှာ အဖျော်ယမကာဆိုင်တွေ ရောင်းချခွင့်ပြုထားပါတယ်။ ဒီမှာ ဆိုရင် ရောင်းချတဲ့သူတွေကို သန့်သန့်ရှင်းရှင်းနဲ့ ရောင်းချနိုင်အောင် ကျွန်မတို့က စီစဉ်ပေးထားပါတယ်။ မိသားစုလိုက် သူငယ်ချင်းလိုက် ပျော်ပျော်ပါးပါးလာရောက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်”လို့ မမေမြတ်အောင်က ဆိုပါတယ်။
မေလ ၄ ရက်နေ့ ကစတင်ဖွင့်လှစ်ခဲ့သည့် Yangon Weekend Market
အဆိုပါ စနေ၊တနင်္ဂနွေညဈေးကိုတော့ မိုးတွင်းကာလရောက်ရင် ခေတ္တရပ်နားသွားမှာ ဖြစ်ပြီး မိုးကုန်ရင်တော့ ပြန်လည် ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
ညဈေးရဲ့ ထိပ်ဆုံးမှာ အခမဲ့ ဖျော်ဖြေရေးစင်တစ်ခု ထားရှိထားပြီး Music Band တွေနဲ့ အတူ အခမဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်သွားဦးမယ်လို့လည်းသိရပါတယ်။
“ အပြင်အဆင်တွေက သပ်သပ်ရပ်ရပ်နဲ့ ကောင်းပါတယ်။ ဆိုင်တွေကလည်း သန့်ရှင်းပါတယ်။ ဒီလိုများများလုပ်ပေးရင် ကောင်းပါတယ်။ ညီမတိို့ ပြန်ရင် ဒီဘဏ်လမ်းကမှောင်မဲပြီး လူသွားလူလာသိပ်မရှိဘူး။ အခုလို ဈေးလေးလုပ်ပေးတော့ ပိုကောင်းတာပေါ့” လို့ ညဈေးလာရောက်သူ မမြတ်စုက ပြောပါတယ်။
ပန်းဆိုးတန်း စနေ၊တနင်္ဂနွေညဈေးဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့ နှစ်က တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ်စီမံကိန်းဆောင်ရွက်ခွင့်ပေးထားတယ်လို့လည်းသိရပါတယ်။
Share