ပွဲကစားချိန် ပထမပိုင်း မိနစ် ၂၀ လောက်ကတည်းက ၂-၀ ဖြစ်နေခဲ့တာပါ။

လီဗာပူးလ်နောက်ခံကစားသမားဟောင်း လိုဗ်ရန်က မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ ကလော့ပ်ရဲ့အသင်းက အထင်ကြီးဖွယ် နိုင်ပွဲကို ရယူနိုင်ခဲ့တာကြောင့် အဲဗာတန်အသင်း ပရိသတ်တွေကို သရော်လှောင်ပြောင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲကစားချိန် ၉ မိနစ်လောက်မှာ ပင်နယ်တီဧရိယာအစွန်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ မိုဟာမက် ဆာလားက ပွဲကစားချိန် မိနစ် ၂၀ မကျော်သေးချိန်မှာ ၎င်းရဲ့အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။



ဒီမရိုင်း ဂရေးက ပထမပိုင်း မပြီးဆုံးခင်မှာ အဲဗာတန်အသင်းအတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်း ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သမ်းခဲ့ပေမယ့်လည်း ဆာလားက ဒုတိယပိုင်း ၆၃ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၇၈ မိနစ်မှာ ဂျိုတာက လီဗာပူးလ်အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မာဆေးဆိုဒ်ဒါဘီနိုင်ပွဲကြောင့် လီဗာပူးလ်ဟာ အမှတ်ပေးဇယားဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၂ မှတ်အကွာ၊ ဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ နောက်ခံကစားသမားဟောင်း လိုဗ်ရန်က လီဗာပူးလ်ရဲ့အောင်ပွဲအတွက် ပျော်ရွှင်နေတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ပြီး ဆာလားဟာ ၎င်းရဲ့ ပထမဂိုးသွင်းပြီးကတည်းက အဲဗာတန်ပရိသတ်တွေကို အိမ်ပြန်လွှတ်လိုက်တာလို့ ဟာသ ဖောက်ခဲ့ပါတယ်။ "မိုက မိနစ် ၂၀ လောက်နဲ့ အချို့ပရိသတ်တွေကို အိမ်ပြန်လွှတ်နေပြီ"လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

က္က