အဲဗာတန်ကို ၅ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး စံချိန်တင်ခဲ့တာပါ။

အဲဗာတန်ကို စပါးက ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အွန်နရီကို​ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းထက် ဟယ်ရီကိန်းက ၁ ဂိုး အသာရရှိခဲ့ပြီး ထာ၀ရဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ၁၇၆ ဂိုးနဲ့ အဆင့် ၆ နေရာ ရောက်ရှိခဲ့ပါတယ်။ 

"သီယာရီက ပရီးမီးယားလိဂ်မှာ ကျနော်မြင်တွေ့ခဲ့ဖူးသမျှ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးပါ၊ ဒါကြောင့် သူ့ကို ကျော်ဖြတ်နိုင်ခဲ့တာက နည်းနည်းတော့ကျေနပ်ဖို့ကောင်းတဲ့ မိုင်တိုင်တခုပါပဲ" လို့ ကိန်းက ပွဲအပြီးမှာ Sky Sports ကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ်လည်း သူဟာ ချယ်လ်ဆီးကွင်းလယ်လူဟောင်းလမ်းပတ်နောက်မှာ ၁ ဂိုးအကွာနဲ့သာရှိနေတာမို့ နောက်ထပ်ကျော်တက်နိုင်ဖို့ကလည်း သေချာသလောက်ရှိနေပါတယ်။ 

အလန်ရှီးယားက ထိပ်ဆုံးမှာ ဂိုးပေါင်း ၂၆၀ နဲ့ ရပ်တည်နေပြီး ကိန်းက လိုက်မီဖို့ဆိုရင် ၈၄ ဂိုးအထိ သွင်းယူဖို့လိုအပ်နေဦးမှာဖြစ်ပါတယ်။ စပါးကတော့ ဒီပွဲကို အနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်ရှိလာခဲ့ပြီး ဝက်စ်ဟမ်းနဲ့ ၄၅ မှတ်စီ တူညီနေကာ ၂ ပွဲကစားဖို့ ကျန်ရှိနေပြီး အဆိုပါပွဲတွေကို အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ 

"ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ။ ဒါကို ကျနော်တို့မလုပ်နိုင်သေးပေမယ့်လည်း အခုကတော့ တကယ်ကောင်းတဲ့အနေအထားမှာရှိနေတယ် ထင်ပါတယ်၊ ထိပ်တန်းအသင်းတသင်းဖြစ်ချင်တယ်ဆိုရင် ဒီဖိအားတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒါကို ဖုံးကွယ်ထားလိုမှမရတာ" လို့ ဟယ်ရီကိန်းက ထပ်ပြောခဲ့ပါတယ်။ 


ကိန်းကတော့ ရာသီအစမှာ ဂိုးမိုးခေါင်ခဲ့ပေမယ့် အခုအခါမှာတော့ အသင်းအတွက် လိဂ်ဂိုး ၁၀ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ပြည့်သွားပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄-၁၅ ဘောလုံးရာသီကစပြီး စပါးအတွက် တရာသီကို ပြိုင်ပွဲစုံသွင်းဂိုး၂၀နဲ့အထက်သွင်းယူနိုင်တဲ့ စံချိန်ကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က