မန်စီးတီးကတော့ အမှတ်ပေးဖလားအတွက် အမှားကိုမခံတော့ပါဘူး။ အဲဗာတန်ရဲ့ တန်းဆင်းဇုန်ရုန်းအားရှိနေပေမယ့် သူတို့ကတော့ ပွဲကိုအကောင်းဆုံးကစားနိုင်ခဲ့ပြီး အာဆင်နယ်တို့ မကစားခင်မှာ စိတ်သောကတွေ ပေးခဲ့ပြန်ပါပြီ။ မန်စီးတီးအတွက် ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဂန်ဒိုဂန်က ဒီပွဲမှာလည်း ဂိုးတွေထပ်သွင်းခဲ့ပြီး သူ့ရဲ့ အဖွင့်ဂိုးက မန်စီးတီးကို ဂိုးပြတ်နိုင်ဖို့ ဖြစ်စေခဲ့တာပါ။
ဂိုးရဖို့အတွက် မန်စီးတီးတို့ ခက်ခဲနေချိန်မှာ ဂန်ဒိုဂန်က အဖွင့်ဂိုးသွင်းပေးပြီး ဟာလန်းက နောက်တဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂန်ဒိုဂန်ကပဲ နောက်တဂိုးထပ်သွင်းလို့ မန်စီးတီးအနိုင်ရဖို့ သေချာသွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့်ပွဲရှိပေမယ့် ဂွာဒီယိုလာက အမှတ်ပေးဖလားအတွက်လည်း အာရုံအပြည့်စိုက်ခဲ့ပြီး ဖလား ၃ လုံးအိပ်မက်ကို အသက်သွင်းနေခဲ့ပါတယ်။
အဲဗာတန်ကတော့ တန်းမဆင်းရဖို့အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပေမယ့်လည်း မန်စီးတီးကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ ပွဲချိန်အစောပိုင်းလောက်သာ သူတို့ကောင်းကောင်းကစားနိုင်ခဲ့ပြီး မန်စီးတီးကစားကွက်အောက်ထဲ မျောခဲ့ရတာပါပဲ။ အမှတ်ပေးဖလားအတွက် ညှာတာလို့မရတဲ့ အချိန်မှာ မန်စီးတီးနဲ့ ကစားဖို့ရှိနေခဲ့တာကလည်း ကံဆိုးတယ်လို့ ဆိုရပါမယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်မကစားခင်မှာပဲ ၇ မှတ်ဖြတ်ထားခဲ့ပြီး လက်ကျန်ပွဲကလည်း ကုန်တော့မှာမို့ ဆုဖလားရဖို့က သေချာသလောက်ဖြစ်လာခဲ့ပါပြီ။ အာဆင်နယ်က ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပြီး အနိုင်မရခဲ့ဘူးဆိုရင်တော့ မန်စီးတီးတို့ ရာသီမကုန်ခင်မှာပဲ ချန်ပီယံဖြစ်လာဖို့ ရှိနေပါပြီ။
ဟာလန်းကတော့ ၃၆ ဂိုးမြောက် လိဂ်ဂိုးရယူခဲ့ပြီး ဂိုးသွင်းစံချိန်မှာ ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။ သူ့စံချိန်ကို လိုက်မီဖို့အတွက်တော့ နှစ်ပေါင်းတော်တော်ကြာအောင်တောင် စောင့်ရတော့မယ်ထင်ပါတယ်။