အဲဗာတန်နဲ့ပွဲကို အရေးနိမ့်အပြီး ကွင်းထဲက ပြန်ထွက်အလာမှာ အဲဗာတန်ပရိသတ်တဦးရဲ့ ဖုန်းကို ရိုက်ချပစ်ခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုက ပြန်လည်တောင်းပန်လိုက်ပါတယ်။ ၁-၀ နဲ့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့သလို ရော်နယ်ဒိုဟာလည်း ခြေထောက်မှာ ကြီးမားတဲ့ဒဏ်ရာရရှိခဲ့ကာ ကွင်းအပြင်ကို ထော့နဲ့ထော့နဲ့နဲ့ ပြန်ထွက်လာခဲ့ရပါတယ်။
ဥမင်အ၀ကို ရောက်ချိန်မှာတော့ အဲဗာတန်ပရိသတ်တွေက သူတို့ရဲ့နိုင်ပွဲအတွက် အော်ဟစ်အားပေးနေကြပြီး လှိုဏ်ခေါင်းထဲဝင်လာတဲ့ ရော်နယ်ဒိုကို ဖုန်းတွေနဲ့ ရိုက်ကူးမှုတွေပြုလုပ်နေခဲ့ကြပါတယ်။ အသင်းကလည်းရှုံး၊ ဒဏ်ရာကလည်းရလို့ ဒေါသထွက်နေတဲ့ ရော်နယ်ဒိုဟာ ပရိသတ်တဦးရဲ့ ဖုန်းကို လက်နဲ့ရိုက်ချခဲ့လို့ ဖုန်းက ပြုတ်ကျကာ ထိခိုက်ပျက်စီးမှုရှိခဲ့မှာသေချာပါတယ်။
သူ့ရဲ့ လုပ်ရပ်အတွက်လည်း အဲဗာတန်ပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး ရော်နယ်ဒိုကတော့ ဘာတခွန်းမှမပြောဘဲ ရှေ့ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာ လူမှုကွန်ယက်ကတဆင့် သူ့လုပ်ရပ်အတွက် ရော်နယ်ဒိုက တောင်းပန်စကားဆိုခဲ့ပြီး အဆိုပါပရိသတ်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးပွဲလာကြည့်ဖို့အတွက်လည်း ဖိတ်ခေါ်သွားခဲ့ပါတယ်။
"ခက်ခဲတဲ့အချိန်တွေမှာ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့က မလွယ်ကူပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က လှပတဲ့ကစားပွဲတွေကို နှစ်သက်တဲ့ လူငယ်တွေအတွက် လေးစားမှု၊ စိတ်ရှည်သည်းခံမှုနဲ့ စံနမူနာဖြစ်နေရမှာပါ၊ ကျနော့်ဒေါသအတွက် တောင်းပန်ပါတယ်၊ ဖြစ်နိုင်ရင်မျှတတဲ့ကစားမှု၊ အားကစားဆန်မှုရဲ့ လက္ခဏာတရပ်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲလာကြည့်ဖို့ အဲဗာတန်ပရိသတ်ကို ဖိတ်ခေါ်ပါတယ်" လို့ ရော်နယ်ဒိုက ရေးသားပြောဆိုခဲ့ပါတယ်။