ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အဲဗာတန်တောင်မှ ရမှတ် (၁၀) မှတ် လျှော့ခံရတယ်ဆိုရင် မန်စီးတီး၊ ချဲလ်ဆီးတို့က တန်းတောင်ဆင်းရနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။ အဲဗာတန်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် (၁၀) မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံလိုက်ရပါတယ်။
လက်ရှိမှာ ဒီပြစ်ဒဏ်ကြောင့် အဲဗာတန်တို့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၉) နေရာအထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသင်းဘက်ကတော့ ဒီပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။
လက်ရှိမှာတော့ အဲဗာတန်ပြီးနောက် မန်စီးတီး၊ ချဲလ်ဆီးတို့ကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ထားခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပါတယ်။ မန်စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတွေကို (၁၁၅) ကြိမ်အထိ ချိုးဖောက်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ချဲလ်ဆီးကလည်း အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်ကတည်းက ဘဏ္ဍာရေးစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ မန်စီးတီးရဲ့ အကြံပေးရှေ့နေဟောင်းဖြစ်တဲ့ စတီဖန်ဘော်ဆန်ကတော့ “ဘဏ္ဍာရေးစည်းကမ်းတွေကို ချိုးဖောက်တဲ့အမှုနဲ့ အဲဗာတန်ကို (၁၀) မှတ်လျှော့တာက ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်ပါ”
“ဒါပေမယ့် မန်စီးတီးနဲ့ အခု ချဲလ်ဆီးတို့ကို စုံစမ်းစစ်ဆေးနေပြီး သူတို့ရဲ့ ပြစ်ဒဏ်တွေသာ ပေါ်လာခဲ့ရင် တန်းဆင်းရတဲ့အထိဖြစ်နိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကတော့ မန်စီးတီး၊ ချဲလ်ဆီးတို့ကို ဒါမျိုးစုံစမ်းစစ်ဆေးနေတာက ဟန်ပြသက်သက်သာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။