မထင်မှတ်ထားတဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

အဲဗာတန်နောက်ခံလူ ကော်နာ ကိုဒီဟာ သောကြာနေ့ည အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ဒေးဗစ် ဒဟေးယားရဲ့ အမှားကြောင့် ချေပဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။

နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ အန်တိုနီက ပွဲကစားချိန် ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အဲဗာတန်ကို အပြတ်အသတ် ချေမှုန်းတော့မယ့်ပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဘယ်တောင်ပံကနေ မားကပ်စ် ရက်ရှ်ဖို့ဒ် ဖြတ်တင်ပေးပို့မှုကို အန်တိုနီက လွတ်လွတ်ကျွတ်ကျွတ်ပဲတစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး အိမ်ရှင်တို့ သက်တောင့်သက်သာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်ရဲ့ခံစစ်ကို ဆက်လက်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း မထင်မှတ်ထားတဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ နီရယ် မူပေးရဲ့ ဖြတ်တင်ပေးပို့မှုကို ကော်နာ ကိုဒီက အနီးကပ် ပိတ်သွင်းခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးမှာ ဂိုးတိုင်ဘေးနားကပ်ရပ်နေတဲ့ ဒေးဗစ် ဒဟေးယားဟာ မူပေးချိုးပေးလိုက်တဲ့ဘောလုံးကို ပေါင်ကြားထဲကနေ ထွက်သွားခွင့်ပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒေးဗစ် ဒဟေးယားဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး အများစုအတွက်တော့ အဲဒါက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ စပိန်ဂိုးသမားဟာ ၂၀၂၀ ခုနှစ်ကတည်းက စပိန်လက်ရွေးစင်အတွက် ပထမအသင်းမှာ ပွဲထွက်ခွင့်မရှိတော့တာဖြစ်ပြီး မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ပွဲကတော့ ယူကရိန်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။ 


အဲဒီ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ဒဟေးယားဟာ ယူကရိန်းအသင်း အနိုင်ရရှိသွားစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို အမှားကျူးလွန်ပြီး ပေးခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က