ဘန်လေကွင်းမှာ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ခဲ့တာပါ။

ချဲလ်ဆီးကို တူရကီသူဌေးလက်ထဲ ရောင်းချဖို့ သဘောတူညီမှုရသွားပြီလို့ ဒီပွဲကစားခါနီးမှာ သတင်းထွက်လာခဲ့ပြီးနောက် ချဲလ်ဆီးတို့ အေဘရာမိုဗစ်ချ်ကို ဂိုးပြတ်နိုင်ပွဲတပွဲနဲ့ နှုတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက မန်ဒီ၊ ချာလိုဘာ့ဂ်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ရီစီဂျိမ်းစ်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ဆာအူးလ်၊ တိုက်စစ်မှာ ပူလီဆစ်၊ မေဆင်မောင့် နဲ့ ကိုင်ဟာဗက်ဇ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။



 

ဘယ်ခြမ်းမှာ ဆာအူးလ်ကို ပွဲထုတ်ခဲ့ပြီး ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးရခဲ့ပေမယ့် ကစားပုံကတော့ အားရစရာမရှိခဲ့ဘဲ စိတ်ပျက်စရာ အခြေအနေတခုကိုသာ ချဲလ်ဆီး ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ အေဘရာမိုဗစ်ချ် အသင်းကို ရောင်းထုတ်မှုက အသင်းမှာရှိတဲ့သူအားလုံးကို အနည်းနဲ့အများတော့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။

 

ဒါပေမယ့် ဒုတိယပိုင်းအစမှာ ချဲလ်ဆီးတို့ မထင်မှတ်ဘဲ ဂိုးတွေ ဆက်တိုက်ရခဲ့ပြီး ဘန်လေလည်း အငိုက်မိသွားတာကြောင့် အခုလိုမျိုး ဂိုးပြတ်သွားခဲ့ရတာပါ။ ဒုတိယပိုင်းစပြီး (၁၀) မိနစ်မပြည့်ခင်မှာတင် ရီစီဂျိမ်းစ်က တဂိုး၊ ဟာဗက်ဇ်က နှစ်ဂိုး သွင်းယူခဲ့ပြီး ချဲလ်ဆီးတို့ ဖိအားလျော့ခဲ့ရပါတယ်။

 

ရီစီဂျိမ်းစ်အတွက် ဒီဇင်ဘာနောက်ပိုင်း အသင်းအတွက် ပထမဆုံး ပြန်လည်ပွဲထွက်ခွင့်ရတဲ့ပွဲမှာ ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာဗက်ဇ်ကတော့ နေရာယူပုံ၊ အဆုံးသတ်ပုံတွေ တိုးတက်လာပြီး လူကာကူ၊ ဗာနာတို့ အရံခုံမှာပဲ ဆက်ထိုင်ရဖို့ရှိပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၆၈) မိနစ်မှာ ပူလီဆစ်က ဘန်လေနောက်တန်းရဲ့ အားနည်းချက်ကတဆင့် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက်တော့ ဒီဂိုးပြတ်နိုင်ပွဲက ကာရာဘောင်ဖိုင်နယ်အရှုံးကနေ ချက်ချင်းကုစားနိုင်ခဲ့တာဖြစ်ပါတယ်။

 

တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာလည်း သွင်းဂိုးတွေများခဲ့ပြီး အက်စတွန်ဗီလာက ဆောက်သမ်တန်ကို ၄-၀ ဂိုး၊ ဘရန့်ဖို့ဒ်က နော့ဝစ်ချ်ကို ၁-၃ ဂိုး၊ ခရစ္စတယ်ပဲလေ့စ်က ဝုလ်ဗ်ကို ၀-၂ ဂိုး၊ နယူးကာဆယ်က ဘရိုက်တန်ကို ၂-၁ ဂိုးတို့နဲ့ အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်။ 

Share

က္က