ချဲလ်ဆီးနဲ့ပတ်သက်လို့ ကလော့ပ်ကပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်တာက ရာနှုန်းပြည့်မှန်ကန်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့လိုက်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။



အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတပူတင်နဲ့ အနေနီးတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး အခု ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့နောက် ရုရှားသူဌေးတွေကိုလည်း ကမ္ဘာတဝန်းက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ အခုတခါမှာတော့ အေဘရာမိုဗစ်ချ်ကိုယ်တိုင် ပါဝင်လာခဲ့ပြီး ချဲလ်ဆီးကိုပါ ဆက်တိုက်ဆိုသလို ထိခိုက်ခဲ့တာပါ။

ချဲလ်ဆီးရဲ့အနေအထားက တော်တော်လေးလှုပ်ခတ်နေပြီး ပရိသတ်တွေကလည်း အသင်းနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ကလော့ပ်က “ကျနော် တူဟယ်လ်နဲ့ တယောက်အကြောင်း တယောက် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတဲ့အကြောင်းအရာတွေကို ပြောရလောက်အောင်တော့ မရင်းနှီးပါဘူး”

“ကျနော်တို့က ပွဲအကြောင်းတွေပြောလေ့ရှိပါတယ်။ တခြားကိစ္စတွေ မပြောဖြစ်ပါဘူး။ သူ့အတွက်၊ ကစားသမားတွေအတွက်၊ ချဲလ်ဆီးမှာရှိတဲ့ အသင်းဝန်ထမ်းတွေက အခု အခြေအနေနဲ့ ပတ်သက်လို့ ဘာတာဝန်မှမရှိပါဘူး။ တကယ်တာဝန်ရှိတာ တယောက်တည်းပါ။ အဲ့ဒါ ပူတင်ပါပဲ”

“အေဘရာမိုဗစ်ချ်ရဲ့ အနေအထားနဲ့ ပတ်သက်လို့ ကျနော်မသိပါဘူး။ ဒါပေမယ့်နှစ်ကာလတခုအကြာ ဖြတ်သန်းခဲ့တဲ့ အနေအထားအရ သူ့အနေနဲ့ ပူတင်နဲ့အတော်လေး ရင်းနှီးခဲ့တာကို ခင်ဗျားတို့လည်း ခန့်မှန်းမိမှာပါပဲ။ အခု ဗြိတိန်အစိုးရလုပ်ရပ်က ရာနှုန်းပြည့်မှန်ကန်တယ်လို့ ကျနော်ထင်ပါတယ်။ အရိုးသားဆုံးပြောတာပါ”

“ချဲလ်ဆီးနဲ့ပတ်သက်နေတဲ့လူတွေ၊ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ အခုထိ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျနော် ဒါကို သိပါတယ်။ ဒါပေမယ့် ဗြိတိန်အစိုးရရဲ့ လုပ်ရပ်တွေက မှန်ကန်တယ်လို့ ကျနော်တွေးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က