မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်းလူး၀စ္စဆာဟာက အသင်းအတွက်မကစားပေးချင်ဘူးဆိုရင် ရော်နယ်ဒိုကို ရောင်းထုတ်လိုက်လို့ အကြံပေးလိုက်ပါတယ်။ ဆာဟာကတော့ ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးသူစြဖ်ပြီး လက်ရှိအခြေအနေတွေကြောင့် ရော်နယ်ဒိုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ရာသီကမှ အသင်းဟောင်းယူနိုက်တက်ဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့်မရတာကို အကြောင်းပြုပြီး ပြန်လည်ထွက်ခွာဖို့ အသင်းကို တောင်းဆိုထားသူဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းတော့မယ်လို့ သိရပေမယ့် သူ့ကိုရောင်းချဖို့ ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းပေးဖို့အတွက် ရော်နယ်ဒိုက တောင်းဆိုထားဆဲဖြစ်ပါတယ်။
ဒီအခြေအတွေနဲ့ပတ်သက်ပြီး ဆာဟာက Squawka နဲ့ တွေ့ဆုံမှုမှာ ရော်နယ်ဒိုကို ယူနိုက်တက်က ရောင်းချသင့်လားဆိုတဲ့ မေးခွန်းကို "ဟုတ်တယ်၊ သူက အသင်းအတွက် ထပ်မကစားပေးချင်တော့ဘူးဆိုရင် သူ့ကိုဖယ်ထုတ်ပစ်ရမှာပဲ၊ အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာလည်း သူမပါဝင်ခဲ့ဘူး၊ လေ့ကျင့်ခန်းလည်းမဆင်းခဲ့ဘူး၊ ဒီတော့ သူ့ကို စည်းမျဉ်းစည်းကမ်းဆိုတာ ဘာလဲပြရမယ်"
"သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်လို့ သူ့ရဲ့လုပ်ဆောင်ချက်တွေက ထူးခြားနိုင်ပေမယ့် အကန့်အသတ်ဆိုတာရှိပါတယ်၊ ယူနိုက်တက်က ကောင်းမွန်တဲ့စုဖွဲ့မှု လိုအပ်နေတာပါ၊ ကျနော်က ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ပါ၊ သူ့ရဲ့ ဦးစားပေးက ဘာလဲဆိုတာကို နားလည်ပေမယ့် ဖျက်လိုဖျက်ဆီးတွေ၊ အနှောင့်အယှက်တွေကိုတော့ ရပ်တန့်ပစ်ရမှာပဲ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းနည်းပြတန်ဟက်ဂျ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်က သူ့ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောဆိုထားသလို တန်ဟက်ဂျ်ကလည်း သူ့စီမံကိန်းတွေထဲမှာ ရော်နယ်ဒိုကို ထည့်သွင်းထားတယ်လို့ ဖွင့်ဟခဲ့ပေမယ့် ကစားသမားဘက်ကကို အသင်းပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။