ယူနိုက်တက်ပရိသတ်တွေဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ ရာဘီရော့ကိုခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စိတ်ပျက်ဒေါသထွက်နေကြပါတယ်။ အဆိုပါ ကွင်းလယ်လူအတွက် ဂျူဗင်တပ်စ်နဲ့ယူနိုက်တက်အကြား ယူရိုသန်း (၂၀) နဲ့ သဘောတူညီမှုရရှိခဲ့ပြီး ကစားသမားနဲ့သာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိဖို့ ကျန်ပါတော့တယ်။
ရာဘီရော့ဟာ ရောက်လေရာအသင်းတိုင်းမှာ ပြဿနာရှာခဲ့တဲ့ ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီကနေ အထုတ်ခံရမလိုဖြစ်ခဲ့တာ၊ ယူရို-၂၀၂၀ မှာ ပြင်သစ်ပြိုင်ပွဲကထွက်ရပြီးတဲ့နောက် သူ့အမေလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဗီရိုနစ်က ပေါ့ဘာရဲ့မိသားစု၊ အမ်ဘာပေရဲ့မိဘတွေကို ပြဿနာလုပ်ခဲ့တာက ထင်ရှားတဲ့ကိစ္စတွေဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကစားသမားရဲ့ ငယ်ဘဝမှာ မန်စီးတီးအနွေးထည်နဲ့ဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ရာဘီရော့ဟာ (၂၀၀၈) မှာ လူငယ်ကစားသမားဘဝကို မန်စီးတီးမှာ ဖြတ်သန်းခဲ့ဖူးပြီး အဲ့ဒီအချိန်က ဓာတ်ပုံက အခုလိုပဲ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်ချိန်မှာ ရေပန်းစားလာတာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ယူနိုက်တက်ပရိသတ်တွေက “မနက်နိုးလာပြီဆိုတာနဲ့ ယူနိုက်တက်က ဘယ်ကစားသမားကို ချိတ်ဆက်နေပြန်ပြီလဲဆိုတာကို ကျနော် တွစ်တာမှာ လိုက်ကြည့်ရပါပြီ” “ရာဘီရော့နဲ့အနော်တိုဗစ်တို့သတင်းတွေကို မြင်ပြီးတဲ့နောက် မန်စီးတီးကို အားပေးဖို့ အဆင်သင့်ပဲ” “ယူနိုက်တက်သာ ရာဘီရော့ကိုခေါ်လိုက်ရင် ငါလည်း မန်စီးတီးကိုပဲ အားပေးတော့မယ်” လို့ ရေးသားဝေဖန်နေကြပါတယ်။
ပြိုင်ဘက်ပရိသတ်တွေကလည်း “ရာဘီရော့နဲ့ယူနိုက်တက်လား။ ကောင်းပြီလေ။ ဒီကစားသမားက မန်စီးတီး လူငယ်အကယ်ဒမီကပဲ” လို့ လိုက်လံ နောက်ပြောင်နေကြပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်အတွက် ရာဘီရော့ကို အခုလိုမျိုး ချိန်ရွယ်ခဲ့ပေမယ့် မူလပစ်မှတ် ဖရန်ကီဒီဂျောင်အတွက် နောက်ဆုတ်သွားခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။