လာမယ့်ရာသီအတွက် နည်းပြသစ်ရှာပုံတော်ဖွင့်နေပြီး အေဂျက်ဇ်နည်းပြအီရစ်တန်ဟက်ဂျ်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်ဟာ တန်ဟက်ဂျ်နဲ့အတူ အေဂျက်ဇ်ကြယ်ပွင့်အန်တွန်နီကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဘရာဇီးလ်လက်ရွေးစင်ကိုလည်း တော်တော်လေးသဘောကျနေတယ်လို့ ဆိုပါတယ်။
တကယ်လို့ တန်ဟက်ဂျ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အန်တွန်နီကို ခေါ်ယူနိုင်ဖို့ပါ အဆင်ပြေလွယ်ကူမယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်နေကြောင်းလည်း သိရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်အန်တွန်နီကတော့ ဘောလုံးပညာကျွမ်းကျင်ပိုင်နိုင်မှု၊ ညာတောင်ပံတလျှောက်မှာ တိုက်စစ်ပိုင်းကို ကောင်းကောင်းကစားနိုင်ပြီး သွင်းဂိုးနဲ့ဖန်တီးပေးနိုင်မှုတွေကြောင့် ဟော်လန်လိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ရပ်တည်နေပါတယ်။
ဒီရာသီမှာ အေဂျက်ဇ်အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားအပြီးမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်အထိ အန်တွန်နီက ပြုလုပ်ပေးထားပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ သူက အေဂျက်ဇ်နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားဖြစ်ပြီး သူ့ရဲ့လက်ရှိတန်ဖိုးက ပေါင် ၃၄ သန်းခန့် ရှိတယ်လို့ ဘရာဇီးလ်သတင်းစာ UOL က ဖော်ပြထားပါတယ်။
ဒီရာသီအစမှာ ဆန်ချိုကို ခေါ်ယူခဲ့ပေမယ့် ယူနိုက်တက်မှာတော့ ဆန်ချိုက ဘယ်တောင်ပံမှာ ကစားပေးနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုက ယူနိုက်တက်အတွက် ပြီးခဲ့တဲ့လတွေအတွင်းကမှ ခြေစွမ်းစပြနေခဲ့ပြီး ထင်မှတ်သလို အသင်းမှာအထိုင်ကျဖို့က ခက်ခဲနေခဲ့ပါတယ်။ သူက လက်ရှိမှာ ပြိုင်ပွဲစုံ ၃၃ ပွဲကစားပေးအပြီး သွင်းဂိုး ၅ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။
မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ခြေစွမ်းကျဆင်းမှုကလည်း ယူနိုက်တက်တိုက်စစ်ပိုင်းကို အားနည်းချက်တွေရှိနေခဲ့ပါတယ်။ ဒီအတွက် ညာတောင်ပံတိုက်စစ်အတွက် ကစားသမားတဦးကို ယူနိုက်တက်ဘက်က အလိုရှိနေပြီး အန်တွန်နီက ပစ်မှတ်တဦးဖြစ်လာခဲ့ပါတယ်။ တန်ဟက်ဂျ်ကို နည်းပြအဖြစ်ခန့်အပ်နိုင်မယ်ဆိုရင် ဒီ ဘရာဇီးလ်သားကို အိုးထရက်ဖို့ဒ်ဆီမှာ တပါတည်းခေါ်ယူနိုင်မယ့် အခွင့်အရေးက ရှိနေတာပါ။