နည်းပြသစ်နေရာအတွက် ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနည်းပြသစ်ခန့်အပ်ဖို့အတွက် အေဂျက်ဇ်နည်းပြအီရစ်တန်ဟက်ကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ လက်ရှိနည်းပြရန်းဂ်နစ်ခ်က ယာယီနည်းပြအဖြစ်နဲ့သာ တာဝန်ယူထားတာဖြစ်လို့ ရာသီကုန်ရင် အမြဲတမ်းနည်းပြတဦးကို ခန့်အပ်ရမှာဖြစ်တဲ့ ယူနိုက်တက်ဟာ သူတို့လိုချင်တဲ့အရည်အသွေးနဲ့ပြည့်၀သူအဖြစ် တန်ဟက်ကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

ဒီရာသီမှာ အေဂျက်ဇ်ကို အကောင်းဆုံးပုံစံဖြစ်အောင် ထိန်းကျောင်းပေးထားပြီး ချန်ပီယံလိဂ်မှာလည်း အထူးခြေစွမ်းပြနေအောင် တန်ဟက်က စွမ်းဆောင်ပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားလုံးအနိုင်ရအောင် ကစားနိုင်ခဲ့သလို ဟော်လန်လိဂ်မှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေကာ ၃ ရာသီဆက်တိုက် အမှတ်ပေးဖလားရယူနိုင်ဖို့ အခြေအနေကောင်းနေတာလည်းဖြစ်ပါတယ်။ 


ယူနိုက်တက်တာဝန်ရှိသူတွေက တန်ဟက်က အသင်းကို ရွှေရောင်နေ့ရက်တွေပြန်လည်ရယူပေးနိုင်မယ့်သူလို့ ယုံကြည်နေပြီး အဓိကအားဖြင့် အကြောင်းရင်းနှစ်ချက်ရှိနေတာဖြစ်ပါတယ်။ ပထမတချက်ကတော့ လူငယ်ကစားသမားတွေကို နေရာပေးမှု၊ ဆုဖလားရယူပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ တန်ဟက်လက်ထက်မှာ အေဂျက်ဇ်ကနေ နာမည်ကျော်ကစားသမားတွေ အများအပြားပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဇီယက်၊ ဒီဂျောင်၊ ဒီလစ်၊ ဗန်ဒီဘိခ်တို့လို ကစားသမားတွေအတွက် အေဂျက်ဇ်ဟာ အကျိုးအမြတ်အများအပြားရရှိခဲ့ပြီး လက်ရှိမှာလည်း ဂရာဗန်ဘာ့ချ်၊ တင်မ်ဘာ၊ မာဇရာအိုယူ၊ ရန့်ချ်စ်တို့လို လူငယ်ကစားသမားတွေက ခြေစွမ်းပြနေကြပါတယ်။ ဝါရင့်ကစားသမားတွေဖြစ်တဲ့ တာဒစ်၊ ဒီလေဘလင်း၊ ကလက်ဆန်၊ စတီကယ်လန်ဘာ့ဂျ်တို့ကို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ပေးပြီး အသင်းကိုတည်ဆောက်ထားပုံက ယူနိုက်တက်တာဝန်ရှိသူတွေကို အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ တန်ဟက်က ရေပန်းအစားဆုံးအဆင့်ကို ရောက်ရှိလာခဲ့တာပါ။ တန်ဟက်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ကာလတွေမှာ ပရီးမီးယားလိဂ်ကို သူ လာရောက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ဖူးပါတယ်။ 

Share

က္က