နူးနက်ဇ်တယောက် အလွဲကြီးလွဲခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အေဂျက်စ်နဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကတော့ ဒီရာသီရဲ့ အဆိုးရွားဆုံး လွဲချော်မှုတွေထဲက တခုကို ထပ်မံ ပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ လီဗာပူးတို့ ဆာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေချိန် နောက်ထပ်သွင်းဂိုးတဂိုး ထပ်မံရရှိဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့တာပါ။



လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဖေမီနိုက ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ အသင်းဖော် တိုက်စစ်မှူး နူးနက်ဇ်ဆီကို တကိုယ်ကောင်းမဆန်ဘဲ အပိုင်ချပေးခဲ့ပါတယ်။ ဒါပေမယ့် နူးနက်ဇ်ရဲ့ ပိတ်သွင်းချက်က ဂိုးတိုင်ကိုထိထွက်သွားခဲ့ပြီး တော်တော်လေး အံ့အားသင့်စရာကောင်းတဲ့ လွဲချော်မှုတခုဖြစ်ခဲ့ပါတယ်။


နူးနက်ဇ်ဟာ ဂိုးသမား ဘယ်လိုမှမတတ်နိုင်တော့တဲ့ အနေအထားမျိုးမှာ တယောက်တည်း အပိုင်အဆုံးသတ်ခွင့်ရခဲ့တာဖြစ်ပေမယ့် ကံမကောင်း၊ အကြောင်းမလှဘဲ အခုလိုမျိုး လွဲချော်ခဲ့ရတာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ နူးနက်ဇ်တယောက် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့အမှားကို ပြန်လည်ချေဖျက်ပြခဲ့ပါတယ်။  

ရော်ဘတ်ဆန် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကတဆင့် နူးနက်ဇ်က ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။ နူးနက်ဇ်ရဲ့ ခေါင်းတိုက်ချက်က အတွင်းတိုင်ကို ထိကာ ဂိုးဝင်သွားခဲ့ပြီး ပြိုင်ဘက်ဂိုးသမားလည်း ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

လီဗာပူးဟာ ဒီပွဲမှာ ဆာလာ၊ နူးနက်ဇ်၊ အီလီယော့တို့ရဲ့ဂိုးတွေနဲ့ အေဂျက်စ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပြီး နာပိုလီနဲ့အတူ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲအဖြစ် ပထမအကျော့မှာ ဂိုးပြတ်အရေးနိမ့်ထားတဲ့ နာပိုလီကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ရှုံးကြွေးဆပ်နိုင်ဖို့ ကြိုးစားရမှာပါ။ 

Share

Loading Next Article...
က္က