နေပူပူမှာ ပင်လယ်လေအေးအေးလေးကို ရှူရှိုက်ရင်း စိတ်အပန်းဖြေဖို့ စိတ်ကူးကြည့်ဖူးလား။ သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ သန့်ရှင်းကြည်လင်တဲ့ ပင်လယ်ရေကနေတစ်ဆင့် အေးချမ်းမှုကို ရှာဖွေနိုင်မယ့် အချိန်ရောက်ပါပြီ။
မိုးရာသီမှာဆိုရင် ပင်လယ်ပြင်က တိတ်ဆိတ်အေးချမ်းပြီး ပုံမှန်အချိန်တွေထက် စရိတ်စကလည်း သက်သာတာကြောင့် ဒီလိုအချိန်မှာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးပါပဲ။
မော်လ်ဒိုက်
အိန္ဒိယသမုဒ္ဒရာရဲ့ ရင်ခွင်ထဲမှာ ပုလဲရတနာတွေလို ပြန့်ကျဲနေတဲ့ ကျွန်းနိုင်ငံလေး မော်လ်ဒိုက်ဟာ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသည်းစွဲနေရာတစ်ခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အသေးဆုံးနိုင်ငံ ဖြစ်ပေမဲ့ သဘာဝအလှတရားတွေကတော့ အတိုင်းအဆမဲ့ လှပနေပါတယ်။
သဲသောင်ပြင်တွေ၊ ပြာလွင်ကြည်လင်တဲ့ ပင်လယ်ရေတွေနဲ့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဗီလာတန်းလေးတွေက မော်လ်ဒိုက်ရဲ့ အထင်ကရ သင်္ကေတတွေ ဖြစ်လာပါတယ်။ လှပတဲ့ သဘာဝရှုခင်းတွေအပြင် နွေးထွေးဖော်ရွေတဲ့ ဒေသခံတွေရဲ့ ဝန်ဆောင်မှုတွေကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေ အမြဲတစေ ပြန်လာလည်ပတ်ချင်ကြပါတယ်။ အထူးသဖြင့် မင်္ဂလာဆောင်ပြီးခါစ စုံတွဲတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ အသင့်တော်ဆုံးနေရာအဖြစ်လည်း လူကြိုက်များပါတယ်။
မော်လ်ဒိုက်မှာ ကျွန်းပေါင်းများစွာရှိတဲ့အနက်မှ သွားလည်သင့်တဲ့ ကျွန်းတချို့ကတော့ ဒီကျွန်းတွေပါတဲ့။
Hulhumale ကျွန်း
မြို့တော် မာလီနဲ့ လေဆိပ်အနီးမှာရှိတဲ့အတွက် သွားလာရလွယ်ကူပြီး ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ လှပတဲ့ ပင်လယ်ရှုခင်းတွေအပြင် သစ်ပင်စိမ်းစိမ်းတွေနဲ့ ပန်းတွေက စိတ်ကို လန်းဆန်းစေပါတယ်။ ဒေသထွက်အစားအစာတွေကို စားသုံးရင်း ဒေသခံတွေရဲ့ နေ့စဉ်ဘဝကို ထိတွေ့နိုင်ပါတယ်။ Hulhumale ရောက်ရင်တော့ ကယက်လှေလှော်ရင်း ကျွန်းပတ်ကြည့်ဖို့ မမေ့ပါနဲ့ဦး။
Maafushi ကျွန်း
တန်ဖိုးနည်း အပန်းဖြေခရီးစဉ်တွေကို ရှာဖွေနေသူတွေအတွက် Maafushi ကျွန်းဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒီကျွန်းမှာ နေဝင်ဆည်းဆာကို ခံစားရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်နိုင်သလို ညဘက်ဆို မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေမှာ မီးပုံပွဲလုပ်ပြီး ပျော်ရွှင်စွာ အနားယူနိုင်ပါတယ်။ Manta Ray ငါးတွေနဲ့အတူ ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာဖို့အတွက်လည်း ဒီကျွန်းဟာ အကောင်းဆုံးပါပဲ။
Ari Atoll ကျွန်း
ဇိမ်ခံအပန်းဖြေစခန်းတွေနဲ့ ဟိုတယ်တွေကို နှစ်သက်သူတွေအတွက် Ari Atoll ဟာ အသင့်တော်ဆုံးပါပဲ။ ဒီကျွန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ သန္တာကျောက်တန်းတွေနဲ့ ရေအောက်သဘာဝအလှတရားတွေပဲ ဖြစ်ပါတယ်။ Scuba Diving ဝါသနာရှင်တွေအတွက် Whale shark နဲ့ Manta Ray ငါးကြီးတွေနဲ့အတူ ရေအောက်ခရီးစဉ်ကို အပြည့်အဝ ခံစားနိုင်မယ့်နေရာပါ။
Meeru ကျွန်း
အနားယူအပန်းဖြေမှုကို အဓိကထားသူတွေအတွက် Meeru ကျွန်းက အကောင်းဆုံးရွေးချယ်မှုပါပဲ။ Spa တွေမှာ ကိုယ်ရော စိတ်ပါ အနားယူနိုင်သလို၊ ပျော်စရာကောင်းတဲ့ ရေကစားနည်းအမျိုးမျိုးကိုလည်း ခံစားနိုင်ပါတယ်။ ကမ်းခြေမှာ ဖယောင်းတိုင်မီးတွေနဲ့ ညစာစားရင်း ရိုမန်တစ်ဆန်တဲ့ အချိန်တွေကို ဖန်တီးချင်ရင်လည်း အဆင်ပြေမှာပါ။ ဖျော်ဖြေရေးအတွေ့အကြုံမျိုးစုံကို ခံစားရင်း ခရီးအချိန်ကောင်းကို ကုန်ဆုံးမယ်ဆိုရင်တော့ ဒီကျွန်းကိုပဲ ရွေးသင့်တာပေါ့။
Dhigurah ကျွန်း
ဒေသခံတွေရဲ့ နေ့စဉ်ဘဝကို ထိတွေ့လေ့လာချင်သူတွေအတွက် Dhigurah ကျွန်းဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။ ဒီကျွန်းရဲ့ အထင်ကရနေရာကတော့ အဆုံးမရှိတဲ့ သဲသောင်ပြင်ရှည်ကြီးပဲ ဖြစ်ပါတယ်။ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း စိတ်အပန်းဖြေနိုင်သလို ဒေသထွက်အစားအစာတွေနဲ့ ပင်လယ်စာတွေကိုလည်း စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ သဲသောင်ပြင်ရဲ့ အဆုံးမှာ ပင်လယ်ကြီးနဲ့ ဆုံဆည်းနေတဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်နိုင်ပါတယ်။
ကဲ… ဒီလို လှပတဲ့နေရာကို စိတ်ကူးနဲ့တင် ကျေနပ်နေတော့မှာလား။ ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးဖို့ မော်လ်ဒိုက်ခရီးစဉ်တစ်ခု စတင်လိုက်ဖို့ အချိန်ရောက်ပြီနော်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။