အာဂျင်တီးနားလူမျိုးတိုက်စစ်မှူးကြီး ဂွန်ဇာလိုဟီဂွါအင်ဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို ကစားပြီးနောက် မျက်ရည်တွေနဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။ ဟီဂွါအင်ဟာ အသက် (၃၄) နှစ်အရွယ်ရှိနေပြီး မေဂျာလိဂ် ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူမယ့်အကြောင်းကို ဒီလအစောပိုင်းကမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာပါ။
အင်တာမိုင်ယာမီက နယူးယော့ခ်စီးတီးကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ဟီဂွါအင်ရဲ့ (၁၇) နှစ်ကြာ ကစားသမားဘဝအတွက် နောက်ဆုံးပွဲဖြစ်ခဲ့ပြီး ဒီပွဲအပြီး ကွင်းထဲမှာ ဟီဂွါအင်က သည်းသည်းထန်ထန် ငိုကြွေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဟီဂွါအင်က “ကျနော့်ရဲ့အချစ်ဆုံးအလုပ်ကို အဆုံးသတ်လိုက်ရသလို ခံစားခဲ့ရပါတယ်”
“ဒါက ကျနော့်ဘဝရဲ့ တဝက်ဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ကစားသမားဘဝ သက်တမ်းက (၁၇) နှစ်ခွဲပါ။ ကျနော့်ကစားသမားဘဝတလျှောက်ပုံရိပ်အားလုံး ကျနော့်စိတ်ထဲမှာ ပေါ်လာပါတယ်။ ကျနော် ဘယ်မှာနေခဲ့တာ၊ ဘယ်အသင်းအတွက် ကစားခဲ့တာ၊ ဘယ်လိုအတွေ့အကြုံတွေရခဲ့တာကအစပေါ့။ ကျနော် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားမှာပါ”
“ဘာကြောင့်လဲဆိုတော့ ဒီနေ့အထိ ကျနော် အရာအားလုံး ပေးဆပ်ခဲ့လို့ပါ။ ဒါက အရေးကြီးဆုံးကိစ္စပါပဲ။ အိပ်မက်တခုက ပြီးဆုံးခဲ့ပြီး နောက်ထပ်ဘဝတခု အစပြုခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟီဂွါအင်ဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ ချဲလ်ဆီးတို့လို ဥရောပထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးသူတယောက်ပါ။
အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း ဟီဂွါအင်က ပွဲပေါင်း (၇၅) ပွဲ ကစားပေးခဲ့ပြီး (၂၀၁၄) ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ (၂၀၁၅) (၂၀၁၆) ကိုပါအမေရိကဖလားဗိုလ်လုပွဲတို့ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားတို့ ရှုံးနိမ့်ခဲ့တာက ဟီဂွါအင် အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့်လို့လည်း ပရိသတ်အချို့က ယုံကြည်ထားကြပါတယ်။