ပေါင် ၁၀၀ အောက်တန် ကွန်ပျူတာ ထုတ်ခဲ့သူပါ

အိမ်သုံးကွန်ပျူတာတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင် ထုတ်လုပ်ခဲ့သူ တစ်ဦးဖြစ်သလို ကမ္ဘာ့ပထမဆုံးအိတ်ဆောင် Calculator ကို တီထွင်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး တီထွင်သူ ဆာကလိုက်ဗ်ဆင်ကလဲယားဟာ အသက် ၈၁ နှစ်အရွယ် စက်တင်ဘာ ၁၆ ရက်နေ့မှာ နာတာရှည်အဖျားရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။ 

ဆာ ကလိုက်ဗ်ဆင်ကလဲယားဟာ Sinclair Research ဆိုတဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီ တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ လူသုံးကုန်အီလက်ထရွန်းနစ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Sinclair Research ကို တည်ထောင်ခဲ့ပြီး ZX80 အိမ်သုံးကွန်ပြူတာဖြန့်ချိတဲ့ ၁၉၈၀ အရောက်မှာ ထင်ရှားလာခဲ့တာပါ။ Sinclair Research ဟာ အဲ့ဒီခေတ်အခါက လူတိုင်း လက်လှမ်းမမှီနိုင်လောက်အောင် စရိတ်စကများပြီး ဈေးကြီးလှတဲ့ အိမ်သုံး PC ကွန်ပျူတာတွေကို ဈေးသက်သက်သာသာနဲ့ ကိုင်နိုင်အောင် မိတ်ဆက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ 





Photo: The US Sun

၁၉၈၀ နှစ်ဦးပိုင်းတွေက Sinclair Research က ထုတ်ခဲ့တဲ့ ZX Spectrum 16K ကို ၁၂၅ ပေါင်နဲ့ ရောင်းချခဲ့ပါတယ်။ဒီအရင် နှစ်အနည်းငယ်စောပြီး Apple က ဖြန့်ချိခဲ့တဲ့ Apple II ကွန်ပျူတာဆို ၁၂၉၈ ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။ ၁၉၈၀ မှာ ထွက်တဲ့ Sinclair ZX80 ဆို အဲ့ခေတ်က ပေါင် ၁၀၀ မပြည့်တဲ့ဈေးနဲ့ ရောင်းခဲ့တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေနဲ့ ပိုအကျွမ်းတဝင်ဖြစ်စေတဲ့ Interface ၊ စွမ်းဆောင်ရည်မြှင့်ထားပြီး ဂိမ်းနဲ့ ပရိုဂရမ်ရေးဆွဲမှုကို အကြီးအကျယ်ပြောင်းလဲပေးမယ့် ZX Spectrum ဟာ ယူကေမှာ အရောင်းရဆုံး Personal Computers ဖြစ်ခဲ့ပြီးနောက် ဒီကွန်ပျူတာအတိုင်း လိုက်ပြီး Clone ပွားထုတ်သူတွေ အများကြီး ထွက်ခဲ့ပါတယ်။


ဆင်ကလဲယားရဲ့ နောက်ထပ်ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုက ၁၉၇၂ ခုနှစ်မှာ Sinclair Executive ဆိုတဲ့ ပထမဆုံးအိတ်ဆောင် ဂဏန်းပေါင်းစက်ကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ Texas Instruments ရဲ့ ပထမဆုံး ပရိုဂရမ်ရေးနိုင်တဲ့ ဂဏန်းပေါင်းစက် HP-65 ဟာ ၁၉၇၄ ခုနှစ်အထိ ထွက်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ဆင်ကလဲယားကို အီလက်ထရွန်းနစ် သယ်ယူပို့ဆောင်ရေးခေတ်ရဲ့ အစောဆုံး စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုရပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်က C5 လျှပ်စစ်သုံးဘီးကားကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ ခေတ်တစ်ခေတ်ရဲ့ အကြီးကျယ်ဆုံး တီထွင်ပညာရှင်တွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် သူ့ပရောဂျက်တိုင်း အောင်မြင်တာတော့လည်း မဟုတ်ပါဘူး။

ဆင်ကလဲယားရဲ့ကွန်ပျူတာစီးပွားရေးဟာ ၁၉၈၄ ခုနှစ်မှာ ပြိုလဲလာတာကြောင့် ကုမ္ပဏီကို ၁၉၈၅ ခုနှစ်မှာ Amstrad ဆီ ရောင်းချခဲ့ရပါတယ်။ သူထွင်ခဲ့တဲ့ လျှပ်စစ်သုံးဘီးကား C5 က ခေတ်ရှေ့ကြိုရောက်လွန်းနေတာကြောင့် ရောင်းတန်းဝင်ခဲ့ဖြင်း မရှိပါဘူး။ C5 ကားတွေ မိတ်ဆက်ပြီး တစ်နှစ်အတွင်းမှာ လုပ်ငန်းတွေ ရပ်လိုက်ရပါတယ်။ C5 လျှပ်စစ်သုံးဘီးကားအပြင် ဘက်ထရီပါဝါသုံးပြီး သေးငယ်တဲ့ ဖျော်ဖြေရေး Screens တွေ ပါတဲ့ TV80 အိတ်ဆောင်တီဗွီလည်း ထုတ်ခဲ့ပါတယ်။

Photo: The Guardian


၁၉၈၃ ခုနှစ်မှာ နိုင်ငံအတွက် သူ့ရဲ့ စွမ်းဆောင်မှုကြောင့် သူ့ကို ဗြိတိန်တော်ဝင်ဘုရင်မကြီးမှ Sir ဘွဲ့ပေးပြီး သူကောင်းပြုခဲ့ပါတယ်။ ၁၉၄၀ ဖွား တီထွင်မှုကဝေနဲ့ ကွန်ပျူတာသမိုင်းက ဂန္ဓဝင်သိပ္ပံပညာရှင်ဟာ ၂၀၁၃ မှာ BBC နဲ့ အင်တာဗျူးတစ်ခု လုပ်စဉ်က သူကိုယ်တိုင်ကွန်ပျူတာမသုံးဘူးလို့ ဆိုပါတယ်။ 

"အာရုံနောက်တာတွေ မကြိုက်ဘူးလေ။ ကျုပ်မှာသာ ကွန်ပျူတာရှိနေရင် ဒါကို ဘယ်လို ပြောင်းလဲရမလဲ တွေးမိလာမယ်။ ပြီးရင် ပြောင်းလဲဖို့ လုပ်မယ်။ မလုပ်ချင်ဘူး။ ကျုပ်ဇနီးက ကျုပ်အတွက် အဲ့ဒါကို သိပ်ဂရုစိုက်နေရတယ်"လို့ ရှင်းပြခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က