နည်းပြမရှိသေးတဲ့ ဘရာဇီးလ်တို့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂ပွဲဆက်တိုက်အရေးနိမ့်ခဲ့ပြန်ပါပြီ။ ဥရုဂွေးကို အရေးနိမ့်ပြီးနောက် ကိုလံဘီယာကို အဝေးကွင်းမှာ ထပ်ရှုံးခဲ့ကာ ဘရာဇီးလ်ရဲ့ အခြေအနေက စိုးရိမ်စရာကောင်းလာပါတယ်။ ဒီပွဲမှာလည်း ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးကာမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဖွင့်ဂိုးကို ဗင်နီရှပ်ရဲ့ ဖန်တီးပေးမှုကနေ မာတင်နယ်လီက စောစောစီးစီးပဲ သွင်းယူခဲ့လို့ ဘရာဇီးလ်တို့ ပြန်လာပြီလို့ ထင်မှတ်ခဲ့ရပါတယ်။ ဂိုးဖန်တီးပေးကာ ခြေစွမ်းပြနေတဲ့ ဗင်နီရှပ်က ဒဏ်ရာရပြီး လူစားလဲလိုက်ရချိန်မှာ ဘရာဇီးလ်တိုက်စစ်ပိုင်း အားပျော့သွားခဲ့ပြီး ကိုလံဘီယာအတွက် အခွင့်ကောင်းရခဲ့ပါတော့တယ်။
ဖြည်းဖြည်းမှန်မှန်ကစားပြီး ဘရာဇီးလ်ကို ဖိအားပေးနေတဲ့ ကိုလံဘီယာတို့ ၅ မိနစ်အတွင်းမှာပဲ ၂ဂိုးရခဲ့တာပါ။ ၇၅ မိနစ်မှာ ဒီယက်ဇ်က ချေပဂိုးသွင်းပြီး ၇၉ မိနစ်မှာ အနိုင်ဂိုးကို သူပဲ သွင်းယူပေးခဲ့တာပါ။ ဖခင်ဖြစ်သူအတွက် စိတ်ပူစရာမလိုတော့တဲ့နောက် ဒီယက်ဇ်တယောက် စိတ်ရှင်းရှင်းနဲ့ ကစားခဲ့ရလို့လားမသိဘူး၊ ခြေစွမ်းပြသွားခဲ့ပါတယ်။
ဒီပွဲအနိုင်ရခဲ့လို့ ကိုလံဘီယာတို့ အဆင့်တက်နိုင်ခဲ့ပြီး ခြေစစ်ပွဲမှာ အခြေအနေကောင်းနေပါပြီ။ ဘရာဇီးလ်ကတော့ လက်ရှိပုံစံအတိုင်းဆိုရင် နည်းပြသစ်အမြန်ခန့်ပြီး အသင်းကို ပြုပြင်မှုတွေ အများကြီးလုပ်ရဦးမှာပါ။ မဟုတ်ရင်တော့ ခြေစစ်ပွဲမှာတင်ပဲ ရုန်းကန်ရပါလိမ့်မယ်။ အခုတောင် ၅ပွဲကစားပြီးချိန် ၂ပွဲတောင် ရှုံးထားခဲ့ပြီးကာ အဓိကပြိုင်ဘက်တွေကို သူတို့ အရေးနိမ့်နေခဲ့တာပါ။