လီဗာပူးကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရဖို့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်မှသာ လူစားဝင်ကစားသမား ကာဗယ်လ်ဟိုရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ အိမ်ကွင်းဆိုပေမယ့် ဦးဆောင်ဂိုးပေးခဲ့ရပြီး ချေပဂိုးနဲ့အနိုင်ဂိုးတွေရဖို့အတွက်လည်း ခဲရာခဲဆစ် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးက ဒါဝင်နူးနက်ဇ် မပါနိုင်သေးသည့်တိုင် ဒီပွဲမှာလည်း သူတို့ရဲ့ အကောင်းဆုံး လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးမှုပိုင်းတွေမှာ အားနည်းချက်ရှိခဲ့သလို အခွင့်အရေးတွေရလာရင်လည်း ထိထိမိမိ အသုံးချနိုင်စွမ်းက နည်းပါးခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်း ထက်မြက်မှုပျောက်ဆုံးနေတာက ပြဿနာပါ။
ဂိုးဧရိယာထဲမှာ စုပြုံပိတ်ဆို့နေတဲ့ နယူးကာဆယ်နောက်တန်းကို ထိုးဖောက်ဖို့ လီဗာပူးတို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး နယူးကာဆယ်ရဲ့ လျင်မြန်တဲ့ကောင်တာအချို့ကလည်း ဗန်ဒိုက်ချ်တို့အစုအဖွဲ့ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အိုင်ဆက်ခ်က နယူးကာဆယ် ကစားသမားဘဝ ပထမဆုံးပွဲမှာ ဂိုးမက်ဇ်နဲ့ ဗန်ဒိုက်ချ်အကြား ကောင်းကောင်းနေရာယူလှုပ်ရှားခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း သူပဲ သွင်းယူပေးခဲ့တာပါ။
လီဗာပူး ကွင်းလယ်နဲ့နောက်တန်းရဲ့ အာရုံစူးစိုက်မှုအားနည်းတာကတဆင့် လောင်းစတပ်ဖ်ရဲ့ ဖန်တီးပေးပို့မှုကို အိုင်ဆက်ခ်က အယ်လစ်ဆန်နဲ့ တယောက်ချင်းအတွေ့မှာ ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း လီဗာပူးကပဲ နယူးကာဆယ်ဘက်ကို ဆက်တိုက် တိုက်စစ်ဆင်နေခဲ့ပေမယ့် ချေပဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးမိနစ်မှသာ ထောင့်ကန်ဘောကတဆင့် ဂိုးဧရိယာထဲ ရှုပ်ယှက်ခတ်ပြီး လူစားဝင်ကစားသမား ဖေဘီယိုကာဗယ်လ်ဟိုက လီဗာပူးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
လီဗာပူးအနေနဲ့ ဒီပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ဒီရလဒ်အတွက် အရင်လို သက်သောင့်သက်သာမရှိဘဲ တော်တော်ရုန်းကန်ခဲ့ရတာပါ။ အထူးသဖြင့် ပြိုင်ဘက်တွေက လီဗာပူးအထာကို ကောင်းကောင်းသိနေသလိုမျိုးဖြစ်ပြီး နောက်ခံအစွန်လူတွေဖြစ်တဲ့ အာနိုးလ်၊ ရော်ဘတ်ဆန်တို့လည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းကလည်း ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားတဲ့အသင်းတွေနဲ့တွေ့ရင် ထိုးဖောက်ရခက်နေတာကိုလည်း လာမယ့်ပွဲတွေမှာ သေချာပေါက် ပြင်ဆင်ရပါလိမ့်မယ်။