မန်စီးတီးကတော့ ဒီပွဲမှာ အမှားအယွင်းမရှိခဲ့ဘဲ သက်သောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အပြောင်းအလဲအချို့ ပြုလုပ်လာခဲ့ပြီး ဒီဘရိုင်း၊ ဂရီလစ်ရှ်တို့ မကစားနိုင်သလို ဒီယက်စ်ကိုလည်း အရံခုံမှာသာထားခဲ့ပြီး စတုန်းစ်၊ လာပေါ့တ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီခံစစ်တန်းက ပြိုင်ဘက် အဲဗာတန်တိုက်စစ်ကို ထိန်းဖို့ ဘာမှအခက်အခဲမရှိခဲ့ပါဘူး။



တိုက်စစ်မှာ စတာလင်၊ ဖိုဒန်၊ ပါလ်မားတို့ ပါဝင်ခဲ့ပြီး တိုက်စစ်ပိုင်းကတော့ အဲဗာတန် နောက်တန်းကို ထိုးဖောက်နိုင်ဖို့ နည်းနည်းလေးရုန်းခဲ့ရသေးတာပါ။ အထူးသဖြင့် စတာလင်ရဲ့ ကစားပုံက ထိရောက်မှုပိုင်း အားနည်းပြီး အဲ့ဒါကြောင့်လည်း နောက်ပိုင်းပွဲတွေမှာ မာရက်ဇ်နောက်ကို ရောက်နေရတာဖြစ်ပါတယ်။

စတာလင်ကြောင့် ပင်နယ်တီရမလိုဖြစ်ခဲ့ပေမယ့် VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့သလို တကယ်တမ်းမှာလည်း အစတည်းက မပေးသင့်တဲ့ ပင်နယ်တီပါ။ အခွင့်အရေးအနည်းငယ်သာရခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာတော့ မထင်မှတ်ဘဲ မန်စီးတီးတို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

ကန်ဆယ်လိုရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို စတာလင်က ချိန်သားကိုက် ပြေးထွက်ပိတ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ ပွဲကို စီးမိုးထားခဲ့ပြီး (၅၄) မိနစ်မှာ ရိုဒရီရဲ့ ဒုံးကျည်ကန်ချက်က ဂိုးထဲကို လှလှပပဝင်သွားခဲ့တာကြောင့် မန်စီးတီးတို့ ဖိအားလျော့ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးကို စတာလင်အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဘက်ကလည်း ချေပဂိုးပြန်ရဖို့ တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် မန်စီးတီးဂိုးသမားနဲ့ နောက်တန်း အမှားအယွင်းမရှိခဲ့ပါဘူး။ နှစ်သင်းကြား ခြေစွမ်းကလည်း ကွာဟလွန်းပြီး မန်စီးတီးအတွက် ပွဲသိမ်းဂိုးကိုတော့ ပါလ်မားရဲ့ ကန်ချက်ကတဆင့် ဘာနာဒိုဆေးလ်ဗားက ထပ်ဆင့်ပိတ်သွင်းသွားခဲ့တာပါ။

မန်စီးတီးကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ကာ ထိပ်ဆုံးက ချဲလ်ဆီးကို (၃) မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးလျက်ရှိပါတယ်။ 

Share

က္က