ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကန်ခဲ့ရတဲ့ ဒေါ့မွန်ဟာ မနေ့ကပွဲမှာတော့ အိမ်ကွင်းမှာပဲ ရိန်းဂျားစ်ကို အံ့အားသင့်ဖွယ်ရာ အရေးနိမ့်သွားခဲ့ပါတယ်။ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒါဟာ ဒေါ့မွန်အတွက်တော့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဒုတိယအကျော့မှာ မီးကုန်ယမ်းကုန်ကစားမှရတော့မယ့် အခြေအနေလည်း ဖြစ်သွားခဲ့ပါတယ်။
ရိန်းဂျားစ်က အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ခြေစွမ်းပြခဲ့တာဖြစ်ပြီး ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ၃ ဂိုးပြတ်အထိ ဦးဆောင်နေခဲ့ပြီး ဒေါ့မွန်အတွက် ဘီလင်ဟမ်က ချေပဂိုးပြန်သွင်းပေးခဲ့လို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် ရိန်းဂျားစ်က နောက်တဂိုးထပ်သွင်းချိန်မှာ ပွဲကပြီးသလောက်ရှိသွားခဲ့ကာ ဂွာရဲရိုးရဲ့ လှပတဲ့တိုက်စစ်ဆင်မှုကနေ ချေပဂိုးနောက်တဂိုးထပ်ရခဲ့လို့သာ ၂-၄ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဟာလန်းက ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၂၀ ပွဲကစားပေးထားရာမှာ ၂၃ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဟာလန်းဟာ ဖေဖေဝါရီလအတွင်း အသင်းအတွက် လုံး၀ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ဟော့ဖန်ဟိမ်းကို ၂-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ပွဲစဉ်ကို နောက်ဆုံးအနေနဲ့ ဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ၃ ပွဲအထိ လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။