အာဆင်နယ်နဲ့ ဘရန်ဖို့ဒ်ပွဲကလည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။ အိမ်ကွင်းမှာကစားရတဲ့ အာဆင်နယ်က ဂိုးကန်သွင်းခွင့်အများအပြားရရှိခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး အသည်းအသန်ကစားလိုက်ရပါတယ်။ ခြေတက်နေတဲ့ ဘရန်ဖို့ဒ်က အာဆင်နယ်ဆီကနေ အမှတ်ရအောင်ယူနိုင်တဲ့ ပုံစံမျိုးကို ပြသွားခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ထိရောက်မှုရှိခဲ့ပါတယ်။
အာဆင်နယ်က သူတို့ရဲ့ ပုံမှန်ခြေစွမ်းပြနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အသာစီးရခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ဂိုးရဖို့တော့ ခက်ခဲနေပြီး ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ထရိုဆာ့တ်က သွင်းယူပေးခဲ့လို့ ဦးဆောင်ဂိုးရခဲ့တာပါ။ ဒီဂိုးကလည်း သိပ်မကြာလိုက်ပါဘူး။ ဘရန်ဖို့ဒ်အတွက် တိုနေးက ခဲရာခဲဆစ်နဲ့ရရှိခဲ့တဲ့ပုံစံကနေ ခေါင်းတိုက်သွင်းယူပြီး ချေပသွားပါတယ်။
အဲဗာတန်ကိုအရေးနိမ့်ပြီးနောက် နိုင်ပွဲပြန်တွေ့ဖို့ အာဆင်နယ်ခြေကုန်ထုတ်ခဲ့ပြီး အနိုင်ရလောက်တဲ့ အနေအထားလည်းရှိခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုသာတယ်၊ တိုက်စစ်ပိုင်းအခွင့်အရေးလည်း ပိုသာခဲ့ပြီး ပွဲအစအဆုံးကို သူတို့ကဖိအားပေးနေခဲ့တာပါ။ ဒါပေမယ့် ဂိုးပြန်ပေးလိုက်ရပြီးနောက်မှာ အနိုင်ဂိုးရဖို့ကို သူတို့မစွမ်းဆောင်နိုင်ခဲ့တော့ပါဘူး။
ဘရန်ဖို့ဒ်အတွက်တော့ အာဆင်နယ်ကွင်းမှာ သရေတမှတ်ရတာက အဖိုးတန်ပြီး ချိုမြိန်လွန်းပါတယ်။ ပြီးတော့ ဒီရာသီမှာ အသင်းကြီးတွေဆီကနေ အမှတ်ယူနေကျ သူတို့ပုံစံကိုလည်း အပျက်မခံခဲ့ပါဘူး။ အမှတ်ပေးဖလားကို ချိန်ရွယ်နေတဲ့ အာဆင်နယ်တို့ နောက်ဆုံး ၂ပွဲဆက်တို်က အမှတ်တွေလျော့ခဲ့ရပြီး ဒီအနေအထားကို မပြင်ဆင်နိုင်ရင်တော့ သူတို့ရဲ့ မျှော်လင့်ချက်တွေက ဝေဝါးလာဖွယ်ရာရှိနေပါပြီ။