မန်ချက်စတာဒါဘီပွဲအပြီးမှာ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဆိုးလ်ရှားက ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချထားပြီး ရာထူးကနေ အထုတ်ခံရမယ်လို့ မထင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။



ယူနိုက်တက်အတွက် ဒီရှုံးပွဲက ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး (၂) ပွဲဆက်တိုက် ရှုံးခဲ့တာဖြစ်ပြီး လီဗာပူးကို ၀-၅ ဂိုး၊ မန်စီးတီးကို ၀-၂ ဂိုးနဲ့ ဒီနှစ်ပွဲလုံးမှာ တစ်ဂိုးမှပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ရတာကြောင့် ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်သင့်ပြီလို့ ပရိသတ်တွေက အခိုင်အမာယုံကြည်နေပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေဟာ လီဗာပူးကို (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဥ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းရဲ့ဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်နဲ့အတူ ဆိုးလ်ရှားဘက်က ရပ်တည်ပေးခဲ့တာပါ။ စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်မယ့်ပွဲတွေက ဆိုးလ်ရှားရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်လည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ရှေ့နှစ်ပွဲမှာ အနိုင်နဲ့သရေရလဒ်တွေရရှိခဲ့တာကြောင့် ဆိုးလ်ရှားအတွက် ဒီရှုံးပွဲက အပြစ်ပြောစရာ သိပ်မရှိဘူးလို့ တာဝန်ရှိသူတွေက ယူဆထားဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း “ကျွန်တော့်အနေနဲ့ အချိန်အတိုင်းအတာတစ်ခုနဲ့ အခွင့်အရေးအပေးခံထားရတယ်လို့ မထင်ပါဘူး။ အသင်းနဲ့ ကျွန်တော့်အကြား အချိန်ပြည့်ကောင်းကောင်း အဆက်အသွယ်ရှိနေပါတယ်”

“သူတို့က ကျွန်တော့်ရှေ့ကနေ အရိုးသားဆုံး ကာကွယ်ပေးထားပါတယ်။ ကျွန်တော် ယူနိုက်တက်အတွက် အလုပ်လုပ်တယ်၊ ယူနိုက်တက်အတွက် အကောင်းဆုံးဖြစ်စေချင်ပါတယ်။ ဒီအသင်းမှာ ရှိနေသရွေ့ ကျွန်တော် ဒီအသင်းကို တိုးတက်စေချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးနဲ့ဘန်လေတို့ ပွဲမပြီးခင်မှာတင် တစ်ပွဲပိုကစား၊ (၈) မှတ်ကွာဟသွားခဲ့ပါတယ်။ ဒါ့အပြင် လတ်တလော အမှတ်ပေးဇယားရပ်တည်မှုအရ အာဆင်နယ်ရဲ့ကျော်တက်ခြင်းကိုခံရဖို့ရှိသလို ဒီတစ်ပတ် ပွဲစဥ်တွေအပြီးမှာ အဆင့် (၉) နေရာအထိ ရောက်သွားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ 

Share

က္က