မက်ဂွိုင်းရားကို အီးမေးလ်ကတဆင့် ခြိမ်းခြောက်ခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ နေအိမ်မှာ ဗုံးလန့်ခဲ့တာကြောင့် တုန်လှုပ်ချောက်ချားနေရတယ်လို့သိရှိရပါတယ်။ မက်ဂွိုင်းရားရဲ့အိမ်မှာ ဗုံးထောင်ထားတယ်ဆိုပြီး အီးမေးလ်ကတဆင့် ခြိမ်းခြောက်လာခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ရဲတပ်ဖွဲ့က မိုင်းရှာခွေးတွေကိုပါ အသုံးပြုပြီး မက်ဂွိုင်းရားရဲ့အိမ် ပတ်ဝန်းကျင်တယောက်ကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မက်ဂွိုင်းရားဟာ သူ့ရဲ့နေအိမ်မှာ အတူနေချစ်သူ ဖန်ဟော့ကင်းစ်၊ သမီးနှစ်ယောက်တို့နဲ့အတူ နေထိုင်လျက်ရှိပါတယ်။

မက်ဂွိုင်းရားရဲ့ ပြောရေးဆိုခွင့်ရှိသူက “နောက်ဆုံး (၂၄) နာရီအတွင်းမှာ မက်ဂွိုင်းရားမိသားစု နေထိုင်ရာအိမ်ကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတခု ရောက်ရှိလာခဲ့ပါတယ်။ မက်ဂွိုင်းရားက ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့ပြီး အခု သူတို့က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မိသားစုဝင်တွေနဲ့ဘေးနားရှိတဲ့လူတွေရဲ့ လုံခြုံရေးက မက်ဂွိုင်းရားအတွက် နံပါတ်တစ်ဦးစားပေးပါ”

“လာမယ့်စနေမှာ အာဆင်နယ်နဲ့ ကစားမယ့်ပွဲအတွက် မက်ဂွိုင်းရားက ပုံမှန်အတိုင်း လေ့ကျင့်ပြင်ဆင်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ဒီ့ထက်အသေးစိတ်အကြောင်းအရာတွေကို မပြောနိုင်သေးဘူး” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်နောက်တန်းမှာ အမှားအယွင်းများစွာ ကျူးလွန်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိပါတယ်။

အသင်းခေါင်းဆောင်တယောက်လည်းဖြစ်တဲ့ မက်ဂွိင်းရားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချဖို့ လက်မှတ်ထိုးတောင်းဆိုလှုပ်ရှားမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။ မက်ဂွိုင်းရားအပါအဝင် အခြားသော ယူနိုက်တက်အသင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကတဆင့် အမြဲလိုလို အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာပါ။

ဒါပေမယ့် ဒီတခါခြိမ်းခြောက်မှုကတော့ မက်ဂွိုင်းရားကို အကြီးအကျယ်တုန်လှုပ်စေခဲ့ဟန်ရှိပြီး သူအပါအဝင် မိသားစုဝင်အားလုံးက ထိတ်လန့်တုန်လှုပ်နေရတယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ မကျေနပ်မှုအပြင် ပြီးခဲ့တဲ့လအတွင်း ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲတွေမှာတောင် အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က