ကိုဗစ်ကပ်ဘေးကြောင့် ခရီးမထွက်ခဲ့ရချိန်မှာ ယူကေအင်ဂျင်နီယာတစ်ဦးဟာ အိမ်ခြံဝင်းထဲမှာတင် ကိုယ့်ဘာသာ လေယာဉ်တစ်စီး တည်ဆောက်ခဲ့ပါတယ်။
အရှော့ခ် အယ်လီရှာရေးလ် တာမာရာခ်ရှန်ဟာ မိသားစုလိုက် လေယာဉ်နဲ့ ကမ္ဘာပတ်နိုင်ဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ COVID-19 ကာလ Lockdown ချထားချိန် သူ့အိမ်နောက်ဖေး ခြံဝင်းထဲမှာ လေယာဉ်တစ်စီးကို ကိုယ်တိုင်တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ယူကေနိုင်ငံ အက်စ်ဆက်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် တာမာရာခ်ရှန်ဟာ လေယာဉ်တည်ဆောက်ရေးပရောဂျက်အတွက် နာရီပေါင်း ၁၅၀၀ နဲ့ ကုန်ကျငွေ ယူရို ၁၄၀၀၀၀ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီလေယာဉ်ကို ၂၀၂၀ မေလကစပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်နေ့မှာ လက်စသတ်နိုင်ခဲ့တယ်လို့လည်း Economic Times က ဖော်ပြပါတယ်။
"သုံးနာရီကြာခရီးကို လောင်စာထပ်ဖြည့်စရာမလိုဘဲ အသွားအပြန် မောင်းနိုင်မယ့် လေယာဉ်တစ်လုံး လိုချင်ခဲ့တယ်။ Totax 915 က ကျွန်တော့်မစ်ရှင်နဲ့တော့ ကွက်တိပဲ။ ဒါပေမယ့် ဒါက မော်ဒယ်သစ်ဖြစ်နေပြိး အဲ့ဒီအချိန်က ဥရောပမှာ မရသေးဘူးဗျ။ တခြားရွေးစရာဆိုလို့ တောင်အာဖရိကမှာ ရှိတဲ့ ဂျိုဟန်နစ္စဘာ့ဂ်ကို သွားပြီး ဒီယာဉ်ကို စမ်းကြည့်ဖို့ပါပဲ။ စွမ်းဆောင်ရည်တော့ အတော်လေး ကြိုက်သွားတယ်။ ဒါနဲ့ အဲ့ဒီက Kit တွေ အော်ဒါမှာပြီး ပြန်လာခဲ့တယ်" လို့ အရှော့ခ်က ပြောပါတယ်။
လူ ၄ ဦး လိုက်ပါနိုင်တဲ့ လေးယောက်ထိုင် Sling TSI လေယာဉ်ကို G-Diya လို့ နာမည်ပေးထားတယ်လို့လည်း ဆိုပါတယ်။ Diya ဆိုတာ သူ့သမီးအငယ်မလေးရဲ့ နာမည်ဖြစ်ပါတယ်။ အရှော့ခ်ဟာ ၂၀၀၆ ခုနှစ်မှာ မဟာဘွဲ့ယူဖို့အတွက် ယူကေကို ပြောင်းရွှေ့လာတဲ့ အိန္ဒိယဖွားအမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိ Ford Motor ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီအင်ဂျင်ဟာ မြင်ကောင်ရေ ၁၄၁ ကောင်အားရှိပြီး လေကြောင်းမိုင် ၁၄၈ မိုင်နှုန်းအထိ အမြန်ဆုံးနှုန်းနဲ့ ခရီးသွားနိုင်မယ်လို့ ဆိုပါတယ်။ အမြင့်ပေ ၁၈၀၀၀ ကနေ ကီလိုမီတာပေါင်း ၁၆၃၀ အထိ ပျံသန်းနိုင်ပြီး Garmin နဲ့ Garmin Autopilot စနစ်တွေ ပါရှိထားပါတယ်။ G-Diya လို့ ခေါ်တဲ့ ဒီလေယာဉ်ဟာ တောင်ပံအလျား ၉.၅၄ မီတာ ရှည်လျားပြီး အရှည် ၂၃.၅ ပေ နဲ့ အမြင့် ၈ ပေ ရှိပါတယ်။
တာမာရာခ်ရှန်ဟာ ဗြိတိန်အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ဆီကနေ ၂၀၁၉ ခုနှစ်ကတည်းက ပိုင်းလော့လိုင်စင် ရထားသူ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၆ ရက်မှာ သူနဲ့ သူ့မိသားစုဟာ ယူကေမှာ စတင် မောင်းနှင်ခဲ့ပြီး ဂျာမနီ ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေလည်း ရောက်ခဲ့ပြီလို့ ဆိုပါတယ်။