အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အိမ်တစ်အိမ်မှာ မိသားစုဝင်အချင်းချင်း၊ ဒါမှမဟုတ် မိဘက ကလေးကို ရိုက်နှက်နှိပ်စက်နေတာမျိုးကိုဆိုလိုပါတယ်။

အိမ်ဆိုတာ မိသားစုဝင်တွေအတွက် လုံခြုံနွေးထွေးရာနဲ့ ပျော်ရွှင်မှုတွေကိုပေးစွမ်းနိုင်တဲ့ အရာမျိုးပဲဖြစ်သင့်ပါတယ်။ အိမ်တစ်အိမ်ဟာ မငြိမ်းချမ်းတော့ဘူး၊ အနိုင်ကျင့်မှုတွေရှိနေမယ်၊ နေ့စဉ်မရိုးနိုင်တဲ့ ပြဿနာမျိုးတွေရှိနေမယ်ဆိုရင်တော့ ဒီအိမ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေရှိနေပြီဆိုတာ သေချာပါတယ်။ ဒီတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုကာကွယ်လို့ ရနိုင်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဘာလဲ

Photo: Freepik

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အိမ်တစ်အိမ်မှာ မိသားစုဝင်အချင်းချင်း၊ ဒါမှမဟုတ် မိဘက ကလေးကို ရိုက်နှက်နှိပ်စက်နေတာမျိုးကိုဆိုလိုပါတယ်။ ဒါပေမယ့်လည်း ဒါက ထင်သာမြင်သာရှိတဲ့ လူအချင်းချင်းနှိပ်စက်တာမျိုးကိုဆိုလိုတာပါ။ ရုပ်ပိုင်းဆိုင်ရာအရ ရိုက်နှက်နှိပ်စက်တာမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုတွေကို နေ့စဉ်ပြုလုပ်နေတာမျိုးကလည်း အိမ်တွင်းအကြမ်းဖက်မှုမြောက်ပါတယ်။

"နင်ချက်ထားတဲ့ ထမင်းဟင်းတွေက မကောင်းဘူး။ နင်ကအသုံးမကျဘူး၊ နင်က အလကားမိန်းမပဲ၊ စတဲ့ အမျိုးသားက အမျိုးသမီးကို နှိမ်ချဆက်ဆံတာ၊ အမျိုးသမီးက နင်ကတော့ အသုံးမကျတဲ့ ယောကျာ်းပဲဆိုပြီး နှိမ်ချတာမျိုးကလည်း အိမ်တွင်းအကြမ်းဖက်မှုထဲမှာပါပါတယ်။ အဲ့လိုအပြောခံရတဲ့အခါမျိုးမှာ အမျိုးဘက်မှာရော အမျိုးသမီးဘက်မှာပါ ငါက တော်တော်အသုံးမကျပါလားဆိုပြီး တွေးထင်လာတတ်ကြပါတယ်။" လို့ စာရေးဆရာမ ပန်းရိပ်ဖြူက အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သူ့အမြင်ကိုဆိုပါတယ်။

ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်လဲ

Photo: The Guardian

အိမ်တွင်းမှာ မိဘတွေက တစ်ဦးနဲ့တစ်ဦးအပြန်အလှန်အပြစ်တင်နေတာမျိုးက အကျိုးဆက်အားဖြင့် နှစ်ဦးတည်းမှာပဲ ရှိနိုင်တယ်လို့ ထင်မြင်တတ်ကြပေမယ့် ဒါက လွဲမှားပါတယ်။ ဒီအကျိုးဆက်က သားသမီးတွေကို ကူးစက်သွားစေနိုင်ပါတယ်။ သားယောကျာ်းလေးဆိုလည်း မိခင်ကို အထင်သေးမယ်၊ သမီးမိန်းကလေးဆိုလည်း ဖခင်ကို အထင်သေးတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။

အကျိုးဆက်က ဒီနေရာမှာတင်မရပ်သွားဘဲ သားသမီးတွေ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါမှာပါ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် အထင်အမြင်သေးတာမျိုးတွေ နောက်ပြီး မိမိကိုယ်တိုင် ယုံကြည်ချက်ပျောက်ဆုံးတာမျိုးတွေအထိ ဖြစ်လာစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ မိသားစုကို အကြောက်တရားရိုက်သွင်းတာမျိုးပါ။ ဒေါသထွက်လာပြီဆိုရင် ကြောက်အောင် အော်ဟစ်တာ၊ နံရံကိုလက်သီးနဲ့ထိုးတာ၊ အမျိုးသား/အမျိုးသမီးက တစ်ဦးကိုတစ်ဦး ကိုယ်ထိလက်ရောက်ရိုက်နှက်တာ၊ အပြင်က အဆင်မပြေမှုတွေကို မိသားစုအပေါ်မှာ ပုံချပေါက်ကွဲတာမျိုးကလည်း မိသားစုဝင်တွေအတွက် မတည်ငြိမ်နဲ့ မငြိမ်းချမ်းမှုကို ခံစားရစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

Photo: Freepik

အိမ်ဆိုတာ သက်သောင့်သက်သာရှိဖို့လိုပါတယ်။ စိတ်ပိုင်းရောရုပ်ပိုင်းမှာပါ ဘယ်သူ့ကိုမှမကြောက်ရဘဲ လုံခြုံတဲ့ခံစားချက်မျိုးရှိဖို့လိုပါတယ်။ အိမ်သားတိုင်းတန်းတူအခွင့်အရေးရဖို့ကလိုအပ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်လိုကာကွယ်မလဲဆိုတာကတော့ အိမ်တွင်းအကြမ်းဖက်မှုကို အိမ်မှာရှိတဲ့ အိမ်သားတိုင်းက လက်မခံဖို့လိုပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာပြီဆိုရင် သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပြီး တိုင်ကြားနိုင်ပေမယ့် ဖွံ့ဖြိုးဆဲနဲ့ဖွံ့ဖြိုးမှုမရှိတဲ့ နိုင်ငံတွေမှာတော့ ကိုယ်တိုင်တားဆီးနိုင်ဖို့လိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုလုပ်ဆောင်နေသူကို မိသားစုဝင်တစ်ဦးချင်းစီတိုင်းက လက်မခံကြောင်း ညီညီညွတ်ညွတ်ပြသနိုင်ရပါမယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ပါ၊ အကြမ်းဖက်သူနဲ့သီးခြားနေထိုင်ပါ၊ ရိုက်နှက်ခွင့်မရှိကြောင်းကို အပြန်အလှန်ပြောဆိုပါ။ ဒါဆိုရင်တော့ အိမ်တွင်းအကြမ်းဖက်မှုကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

တကယ်တော့ အိမ်ဆိုတာမိသားစုဝင်တိုင်းအတွက် အနွေးထွေးဆုံးခိုလှုံနားခိုရာပါ။ အိမ်တွင်းအကြမ်းဖက်မှုကင်းဝေးမှ အိမ်ရဲ့နွေးထွေးလုံခြုံတဲ့ခံစားချက်ကိုရရှိမှာပါ။ ကိုယ်တိုင်လည်း အိမ်တွင်းအကြမ်းဖက်သူမဖြစ်ပါစေနဲ့ အိမ်တွင်း အကြမ်းဖက်မှုနဲ့ရင်ဆိုင်ရချိန်မှာလည်း ပြန်တွန်းလှန်နိုင်ဖို့အတွက် ကြိုးစားသင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။


(ယခုဆောင်းပါးကို Duwun Community Voice အစီအစဉ်မှ စာရေးဆရာမ ပန်းရိပ်ဖြူရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ပြောပြချက်တွေကို ကော်နုတ်ဖော်ပြပါသည်။)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က