ဆီးဂိမ်းမှာ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ အိမ်ရှင်ကမ္ဘောဒီးယားနဲ့ပွဲကိုတော့ မြန်မာယူ-၂၂ အသင်း အနိုင်ကစားနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားကို ၅ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ ဒီပွဲက မြန်မာအတွက် တော်တော်လေးအရေးပါခဲ့ပြီး မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။
အိမ်ရှင်ခမာတို့က ပရိသတ်အားနဲ့ပါ ပွဲကိုစတင်ခဲ့ပြီး မြန်မာအသင်းကို ဂိုးစောစောသွင်းနိုင်အောင် အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာကတော့ ကမ္ဘောဒီးယားရဲ့ ကစားပုံကို ထိန်းချုပ်နိုင်ခဲ့ပြီး ခမာခံစစ်ပိုင်းအမှားကနေ အခွင့်အရေးရလာချိန်မှာ ဟိန်းထက်အောင်က ဂိုးဧရိယာထိပ်ကနေ အပိုင်ကန်သွင်းကာ ဦးဆောင်ဂိုးကို စောစောစီးစီးရယူနိုင်ခဲ့ပါတယ်။
ဒီဂိုးကြောင့် ခမာတို့ ပျာယာခတ်သွားခဲ့ပြီး ဖိအားတွေဝင်ခဲ့ပါတယ်။ ဒါကြောင့် ကစားကွက်ပါ ပျက်ခဲ့ပြီး မြန်မာအသင်းကို ဖိအားပေးဖို့ ကြိုးစားပေမယ့် ၃၉ မိနစ်မှာ နောက်ထပ်တဂိုးကို ခွင့်ပြုလိုက်ရကာ မြန်မာက ပထမပိုင်းမှာပဲ ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက တိုက်စစ်တင်ကစားခဲ့ပေမယ့် ဂိုးပေါက်တည့်မှုတကြိမ်တောင်မှ မရှိခဲ့ပါဘူး။
မြန်မာအသင်းသာ နောက်ထပ်ရတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ဂိုးတွေထပ်ရမှာ ဖြစ်ပေမယ့် ကမ္ဘောဒီးယားခံစစ်နဲ့ ဂိုးသမားက ဟန့်တားနိုင်ခဲ့ပါတယ်။ ဟွန်ဒါရဲ့ အသင်းက လူစားလဲမှုတွေ ဆက်တိုက်လုပ်ကာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လည်း မြန်မာအသင်းခံစစ်က အကောင်းဆုံးကစားနိုင်ခဲ့ပြီး အရေးပါတဲ့နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ၃ ပွဲကစားအပြီးမှာ မြန်မာအသင်းက ၆ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဖိလစ်ပိုင်ကို အနိုင်ရရင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားကတော့ အုပ်စုထိပ်ဆုံးက အင်ဒိုနီးရှားနဲ့ အကြိတ်အနယ်ကစားရတော့မှာမို့ မလွယ်ကူတဲ့ အနေအထားဖြစ်သွားခဲ့ပါပြီ။