ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျမှာ အမြဲတမ်းနေထိုင်မယ့်အိမ်ကို ရရှိပြီဖြစ်တာကြောင့် ခေတ္တတည်းခိုနေတဲ့ ဟိုတယ်ကနေ Check out လုပ်ခဲ့ပြီးနောက် မျက်လုံးပြူးလောက်ဖွယ် ငွေစာရင်းရှင်းတမ်းကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒုတိယသက်တမ်းဟာ ခါးခါးသီးသီး အဆုံးသတ်ခဲ့ပြီးနောက် ဇန်နဝါရီလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီ အာရေဗျကလပ် အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းကို မိသားစုနဲ့အတူ ပြောင်းရွှေ့ပြီးနောက်ပိုင်း ဘလွန်ဒေါ ၅ ဆုရှင်ဟာ ရီယက်ဒ်မြို့မှာရှိတဲ့ Four Seasons ဟိုတယ်မှာ ယာယီတည်းခိုခဲ့တာဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ မိသားစုနဲ့ ကိုယ်စားလှယ်အဖွဲ့အတွက် အလွှာ ၂ လွှာက အခန်း ၁၇ ခန်းကို တစ်လ ပေါင် ၂၅၀၀၀၀ ပေးပြီး ငှားရမ်းနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တစ်ဦးက The Mirror ကို "ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ သူ့မိသားစုတွေ တည်းခိုခဲ့တဲ့ ဟိုတယ်ကနေ ထွက်သွားပြီ"လို့ ပြောကြားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ လက်ရှိမှာ စားသောက်ဆိုင်၊ ဈေးဆိုင်၊ အားကစားရုံနဲ့ အခြား အဆောက်အအုံတွေကို အလွယ်တကူ ဝင်ထွက်သွားလာခွင့်နဲ့ ကြီးမားတဲ့ လုံခြုံရေးတွေ ပါရှိတဲ့ အထူးသီးသန့် ခြံဝန်းထဲမှာ နေထိုင်နေတယ်လို့ သိပါတယ်။
ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျတစ်နိုင်ငံလုံးမှာ ဈေးအကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ အယ်လ် မူဟမ်မာဒီရာဒ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တယ်လို့ ယုံကြည်ရပြီး ပေါ်တူဂီကြယ်ပွင့် နောက်ထပ်စဉ်းစားခဲ့တဲ့နေရာ ကလေးတွေအတွက် အကောင်းဆုံးကျောင်းတွေရှိတဲ့ အယ်လ် နာခီးလ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။