လောရင့်မာဆီရာဆိုတာက ကင်ညာနိုင်ငံက အသက် (၁၂)နှစ်အရွယ် ကလေးတစ်ဦးပါ။ သူက အာဆင်နယ်အသင်းကို အရူးအမူးစွဲလမ်းအားပေးတဲ့ ပရိသတ်ဆိုလည်း မမှားဘူး။
တစ်ရက်မှာတော့ မမျှော်လင့်ပဲ သတင်းထောက်တစ်ဦးဖြစ်တဲ့ အင်န်ဂျော်ရော့ဂီမူဂိုင်နဲ့ တွေ့ရှိပြီးမှာ သူ့အတွက်တော့ ဘဝကတစ်ဆစ်ချိုးပြောင်းလဲဖို့ ဖန်လာခဲ့ပါတယ်။ မာဆီရာက ကင်ညာမှာ ဗာဟီရအလုပ်တွေ လုပ်ပြီးတော့ မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာပေးနေသူပါ။ နွားကျောင်းမယ်၊ ရေခပ်မယ်၊ သန့်ရှင်းရေးလုပ်မယ်၊ ပြီးတော့ ဘောလုံးကစားမယ့်။ သူ့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာက ဒါပါပဲ။
သူ့ရဲ့ အမေက သူ့အတွက် အာဆင်နယ်ဂျာစီတစ်ထည်ဝယ်ပေးထားပါတယ်။ မာဆီရာက အဲဒီဂျာစီကို အမြတ်တနိုးနဲ့ ဝတ်ဆင်လေ့ရှိသူပါ။ ဒါပေမယ့် သူ ဝတ်ဆင်ပုံက ရိုးရိုးတော့မဟုတ်ဘူး။ ကျောမှာ ဆော့ပင်နဲ့ သူက နာမည်တစ်ခု ရေးထိုးထားပြီး ဝတ်ဆင်တာပါ။ "Ozil" ဆိုတဲ့ နာမည်နဲ့အတူ ကျောနံပါတ် (၁၀)ကို သူ့ဟာသူရေးပြီးတော့ သူ့ရဲ့ Idol ကစားသမားနာမည်ကို ရေးထိုးပြီးမှ ဝတ်ဆင်တာပါ။ သူ့ရဲ့ အာဆင်နယ်အပေါ် ရူးသွပ်မှုနဲ့ အိုဇေးလ်အပေါ် စွဲလမ်းမှုက အချည်းနှီးတော့ မဖြစ်ခဲ့ပါဘူး။ ဆိုခဲ့တဲ့အတိုင်း သတင်းထောက်တစ်ဦးက သူ့ကို တွေ့သွားခဲ့ပြီးနောက်မှာ မာဆီရာအတွက် မျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတယ်။
"မီဆွတ်အိုဇေးလ်ရဲ့ နာမည်ကို ကျွန်တော့်ဂျာစီပေါ်မှာ ရေးထိုးဖို့က အမြဲတမ်းစိတ်ကူးခဲ့တဲ့အရာပါ၊ ဘောလုံးက ကျွန်တော့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဘောလုံးကစားတာ ကောင်းတယ်လို့ လူတွေက ပြောကြတယ်လေ၊ တစ်နေ့နေ့မှာ ကျွန်တော်ပြည်ပထွက်ပြီး ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ စိတ်ထဲမှာ အမြဲတမ်းရှိပါတယ်" လို့ မာဆီရာက သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
အသက် (၁၂)နှစ်အရွယ် ကလေးတစ်ယောက်က မိသားစုတာဝန်ကို မျှဝေတာဝန်ယူပြီး တစ်ဖက်မှာလည်း ဝါသနာပါရာ ဘောလုံးကစားခြင်းကို ကြိုးစားနေတာပါ။ သူ့အတွက် လေ့ကျင့်ကွင်းက လယ်ကွင်းပြင်ဆိုလည်း ဟုတ်ပါတယ်၊ နွားကျောင်းထွက်ရာ လမ်းမတစ်လျှောက်ဆိုလည်း ဟုတ်ပါတယ်၊ ကစားဖို့နေရာတစ်ခုရပြီဆို အဲဒါက သူ့ရဲ့ဘောလုံးကန်လေ့ကျင့်ကွင်း ဖြစ်နေခဲ့တာပါပဲ။
"ကျွန်တော်က အာဆင်နယ်ပရိသတ်တစ်ဦးပါ၊ ရေဒီယိုကို ကျွန်တော်နားထောင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တီဗီမရှိဘူး၊ အာဆင်နယ်ပွဲတွေကိုဆိုရင် ရေဒီယိုကနေပဲ ကျွန်တော် နားထောင်နေရတာပါ၊ အမေက ကျွန်တော့်ကို အာဆင်နယ်ဂျာစီတစ်ထည် ဝယ်ပေးခဲ့ပါတယ်၊ အဲဒီဂျာစီရပြီးတဲ့နောက်မှာ မီဆွတ်အိုဇေးလ်ရဲ့ နာမည်ကို ရေးထိုးဖို့ ကျွန်တော့်နှလုံးသားက ခံစားမိခဲ့ပြီး သူ့နာမည်ကို ဆော့ပင်နဲ့ ရေးထိုးခဲ့ပါတယ်" လို့ မာဆီရာက သူ့ရဲ့ တစ်ထည်တည်းသော အာဆင်နယ်ဂျာစီအကြောင်းကို ပြောပြခဲ့ပါတယ်။ "အိုဇေးလ်ရဲ့ ကစားပုံက ကျွန်တော့်ကို ဆွဲဆောင်နိုင်တယ်၊ သူက သူ့အသင်း ဂိုးတွေရအောင်လည်း ကူညီနိုင်တယ်လေ" လို့ မာဆီရာက ထပ်ပြောပါတယ်။
"တစ်ရက် ကျွန်တော့် ကားဂိုဒေါင်ကိုအလာမှာ နွားကျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့တာပါ၊ သူ့ဂျာစီ နောက်ကျောမှာ အိုဇေးလ်နာမည်ကို ဆော့ပင်နဲ့ ရေးထားတာကို တွေ့ခဲ့ရတော့ ကျွန်တော် အရမ်းအံ့အားသင့်ခဲ့ရပါတယ်၊ သူ့ကို တွေ့ခဲ့ရတာ ကျွန်တော့်ကိုယ် ကျွန်တော် တွေ့လိုက်ရသလိုပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း အဲဒီလိုမျိုး လုပ်ခဲ့ကြတာပဲလေ" လို့ ကွန်ပျူတာစခရင်ပေါ်က ဘောလုံးသတင်းတွေကို ဖတ်နေရင်းနဲ့ သတင်းထောက် မူဂိုင်က ပြောပါတယ်။
မောက်စ်တွေပေါ်မှာ လက်တွေနဲ့ အလုပ်ရှုပ်နေရင်း မူဂိုင်က "သူ့ကို ဓာတ်ပုံရိုက်ခဲ့လိုက်ပြီးတော့ ကျွန်တော် တွစ်တာပေါ်မှာ တင်လိုက်တယ်၊ အဲဒီမှာ အိုဇေးလ်ကိုယ်တိုင် လာပြီးတော့ တွစ်ခဲ့ပါတယ်၊ အဲဒီနောက် အိုဇေးလ်က ကျွန်တော့်ကို တွစ်တာကနေ မက်ဆေ့ဂျ်တွေ ပို့ခဲ့ပါတယ်" လို့ မူဂိုင်က သူ ကြုံတွေ့ခဲ့ရတာကို အလုပ်တစ်ဖက်နဲ့ ပြန်ပြောပြပါတယ်။
"အဲဒီကလေးလေးကို သူ ကူညီချင်တယ်လို့ အိုဇေးလ်က ပြောတဲ့အချိန်မှာ ကျွန်တော် အရမ်းပျော်သွားခဲ့တာပေါ့၊ အဲဒီကစပြီး ကျွန်တော်နဲ့ သူ့ကြားမှာ အပြန်အလှန်ဆက်သွယ်မှုတွေ ရှိနေခဲ့ပါတယ်၊ သူက ကျွန်တော့် ဓာတ်ပုံအောက်မှာ လာပြီး တွစ်တော့ ကျွန်တော် တော်တော်လေး အံ့သြမိခဲ့လို့ "Wooow" လို့တောင် အသံထွက်ပြီး အော်ခဲ့မိတယ်၊ အိုဇေးလ်ဆီကနေ အဲဒီလို တုံ့ပြန်မှုမျိုးရတာက တကယ်ကို အံ့အားသင့်စရာပဲလေ" လို့ သူက ထပ်ပြောခဲ့ပါတယ်။
မူဂိုင်က မာဆီရာ နဲ့ အိုဇေးလ်တို့ကြားမှာ ပေါင်းကူးတံတားအဖြစ် လုပ်ပေးခဲ့ပြီး မာဆီရာရဲ့ မျှော်လင့်ချက်နဲ့ ဘဝရှင်သန်ဖို့ ခွန်အားတွေကို ပေးခဲ့သူလို့တောင် ပြောရပါမယ်။ သူ့ကြောင့်သာ မဟုတ်ခဲ့ရင် မာဆီရာက ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ အာဆင်နယ်ကို အားပေးတဲ့သူ၊ အိုဇေးလ်အပေါ် စွဲလမ်းရူးသွပ်သူဆိုတဲ့ ချာတိတ်တစ်ယောက်အနေနဲ့ပဲ ရှိနေခဲ့မှာ သေချာပါတယ်။
မူဂိုင်နဲ့ ဆက်သွယ်မှုတွေ ရအပြီးမှာတော့ အိုဇေးလ်က မူဂိုင်ကတဆင့် မာဆီရာအတွက် လက်ဆောင်တွေ ပေးပို့ခဲ့ပါတော့တယ်။ အဲဒီလက်ဆောင်ပါဆယ်ပုံးကို မူဂိုင်က မာဆီရာဆီ အရောက်ပို့ပေးခဲ့ပြီး မာဆီရာအတွက်တော့ ပန်ဒိုရာသေတ္တာတစ်လုံးကို ရလိုက်သလို ဖြစ်ခဲ့တော့တာပါပဲ။
"အဲဒီ လက်ဆောင်ထုပ်ကို အမေနဲ့ကျွန်တော် အတူတူ ဖွင့်ကြည့်ခဲ့ပါတယ်၊ ဂျာစီတွေအများကြီးနဲ့ အားကစားဖိနပ်တွေအများကြီးပဲ တွေ့ခဲ့ရပါတယ်၊ ဖိနပ်တွေက တကယ့်အမိုက်စားတွေဗျ" လို့ မာဆီရာက သူ ဘာတွေ ရခဲ့လဲဆိုတာကို ပြန်ပြောပြခဲ့ပါတယ်။
"မူဂိုင်ကလည်း ကျွန်တော့်အတွက် ဂျာစီနဲ့ ဖိနပ်တွေ ဝယ်ပေးခဲ့ပါသေးတယ်၊ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိုဇေးလ်နဲ့ တွေ့ခွင့်ရဦးမယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်၊ သူ့ကို ကျေးဇူးတင်စကား ပြောချင်ပါသေးတယ်၊ ကလေးတစ်ယောက်အတွက် အရမ်းကောင်းတဲ့ အရာတွေကို အိုဇေးလ်က ဖန်တီးပေးခဲ့တာပါ" လို့ မာဆီရာက သူ့ရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်မျှဝေပြောဆိုခဲ့ပါတယ်။
"ကျွန်တော် အသက်အရွယ်ရလာရင် အာဆင်နယ်အတွက် ကစားပေးချင်ပြီး ကျွန်တော့် အမေကို ကူညီပေးချင်ပါတယ်၊ အမေ့အတွက် အိမ်တစ်လုံးဆောက်ပေးချင်ပြီးတော့ ကားတစ်စီးလည်း ဝယ်ပေးချင်တာပါ၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ဒါက ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်" လို့ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီးတော့ ဘောလုံးကစားနေတဲ့ မာဆီရာက ပြောပါတယ်။
တစ်ချိန်ချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ အီးမရိတ်စ်ကွင်းကြီးထဲမှာ လောရင့်မာဆီရာဆိုတဲ့ နာမည်တွေကို ခင်ဗျားကြားမိရင် အဲဒီကလေးဟာ ကင်ညာနိုင်ငံက အသက် (၁၂)နှစ်အရွယ် ချာတိတ်လေးတစ်ယောက်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုတာကိုတော့ ခင်ဗျား ဘယ်တော့မှမမေ့လိုက်ပါနဲ့။
(BBC Sports မှ ရိုက်ကူးတင်ဆက်ထားသည်ကို စိတ်ကူးယဉ်ရေးဖွဲ့ထားပါကြောင်း)