အခြေခံပညာကျောင်းတွေပြန်ဖွင့်ဖို့ ဇူလိုင်လထိမသေချာသေးဘဲ ကျောင်းတွေပြန်ဖွင့်ဖို့အတွက်ဆိုရင် ပြင်ဆင်ချိန်က အချိန် (၁)လခွဲလောက်လိုအပ်တယ်လို့ ပညာရေးဝန်ကြီးဌာနကနေ စုံစမ်းသိရပါတယ်။
လက်ရှိအချိန်ထိ အခြေခံပညာအောင်စာရင်းတွေထွက်ရှိဖို့ အဖြေလွှာတွေကိုတောင် မစစ်ဆေးရသေးလို ကျောင်းတွေသာမဖြစ်မနေပြန်ဖွင့်ရမယ်ဆိုရင် ဒါတွေကို အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။
“ လက်ရှိမှာတော့ ဇူလိုင်လထဲမှာဖွင့်ဖို့ ဆိုပြီး စီစဉ်ထားတယ်။ ဒါပေမယ့် ကျောင်းတွေသာပြန်ဖွင့်ရတော့မယ်ဆိုရင် လိုအပ်တာတွေပြင်ဆင်ဖို့က (၄၅)ရက်လောက်လိုအပ်တယ်။ အဖြေလွှာတွေစစ်ရမယ်။အောင်စာရင်းထွက်ဖို့ကိစ္စတွေ၊ ကျောင်းပြန်ဖွင့်ရင် ဘယ်လိုပုံစံတွေနဲ့ တက်ရမယ်ဆိုတာတွေပေါ့။ မနေ့ကပဲ ညွှန်ကြားချက်တွေကို ဒီလ (၃၁)ရက်နေ့ထိထပ်တိုးထားတယ်ဆိုတော့ ဇွန်လပိုင်းမှစပြီး ကျွန်တော်တို့ကလုပ်စရာရှိတာတွေလုပ်နိုင်မှာ။ ဇူလိုင်ထဲမှာဖွင့်ရင်တောင် ရက်အတိအကျမပြောနိုင်သေးပါဘူး”လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။
ဆယ်တန်းအောင်စာရင်းထွက်ရှိဖို့လည်း သတ်မှတ်ရက်ထက်နောက်ကျနိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုငးပင်ခံပုဂ္ဂိုလ်ကလည်း အခြေခံပညာကျောင်းတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးမပေါ်သေးပေမယ့်လည်း ပြန်ဖွင့်ဖို့ကိုပြောကြားထားပါတယ်။ လက်ရှိမှာတော့ အခြေခံပညာကျောင်းတွေကို ဇူလိုင်လအတွင်းမှာ ဖွင့်ဖို့လျာထားပေမယ့်လည်း ဖွင့်လှစ်နိုင်မယ့်ရက်ကိုတော့ အတိအကျသတ်မှတ်နိုင်သေးတာမျိုးမရှိသေးပါဘူး။