သရုပ်ဆောင် ယွန်းဝတီလွင်မိုးဟာ သြစတေးလျနိုင်ငံ၊ မဲဘုန်းမြို့ကို ပြန်သွားပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ကျန်နေခဲ့တဲ့ သားလေးအတွက် ခံစားချက်တွေပြောပြထားတဲ့ စာတစ်စောင် ရေးသားခဲ့ပါတယ်။
Photo: We Love Yun Waddy Lwin Moe
ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ မောင်ထက်ဦးလှိုင်တို့ကတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သြစတေးလျနိုင်ငံ မဲဘုန်းမြို့ကို ပြန်သွားပြီဖြစ်ပါတယ်။ ကျောင်းဆက်တက်ရဦးမှာဖြစ်လို့ သားလေးကို မြန်မာနိုင်ငံမှာ ထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် Liam လေးအတွက် ယွန်းဝတီလွင်မိုးက စာတစ်စောင်ရေးသားခဲ့ပါတယ်။
‘’ ချစ်ရတဲ့ Liam လေးရေ...တစ်နေ့ကျရင် သားလေး ဒီစာကို ပြန်ကြည့်ပြီး ဖတ်နိုင်လာလိမ့်မယ်။ အဲဒါကြောင့် အမေနားလည်နိုင်တာထက် ပိုပြီး သားကို ပိုချစ်တယ်ဆိုတာကို သိစေချင်တယ်။ သားက အမေ့အတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ခုပါ။ အခုချိန် သားရဲ့နားမှာ မနေနိုင်ပေမဲ့လို့ အမေလုပ်သမျှအရာအားလုံးက သားအတွက်ပါ။ သားကို နောက်တစ်ကြိမ် ပြန်ချီရမယ့်အချိန်ကို မျှော်နေမိပြီ။ သားကို ချစ်တယ်နော်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက သူမရဲ့ Instagram အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: We Love Yun Waddy Lwin Moe
ယွန်းဝတီလွင်မိုးနဲ့ သားလေး Liam တို့ဟာ ကလေး အသုံးအဆောင်ပစ္စည်း ကြော်ငြာ အတူတူရိုက်ကူးခဲ့ပါသေးတယ်။ မမေနဲ့ သားသားတို့ကို အတူတွဲ တွေ့ရမယ့် ပထမဆုံး ကြော်ငြာလေးလည်း ဖြစ်ပါတယ်။
‘’သားသားနဲ့မေမေ shooting’’ဆိုပြီးတော့ လွင်မိုးရဲ့ဇနီးဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ မိခင် မမေသူရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီ ၄၉ မိနစ်က ရေးသားခဲ့ပါတယ်။အဲဒီနောက် မြေးလေး Liam နဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။
Photo: We Love Yun Waddy Lwin Moe
ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ Liam က အခုဆိုရင် ၆ လသားအရွယ်ရှိပြီဖြစ်ပြီး ထိုင်တတ်နေပြီလို့လည်း သိရပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။
Photo: We Love Yun Waddy Lwin Moe
၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။