အာဆင်နယ်တို့ ဘက်ကင်ဟမ်နန်းတော်ကို ဖိတ်ကြားခံခဲ့ရတာပါ။

အာဆင်နယ်ကစားသမားတွေ ဗြိတိန်ဘုရင်မကြီးရဲ့ ဖိတ်ကြားမှုကြောင့် ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်ခွင့်ရရှိခဲ့ချိန်မှာ အဲ့ဒီအချိန်က အသင်းရဲ့ ကစားသမား အီဘိုယေးရဲ့ ပြောစကားကြောင့် ဘုရင်မကြီးအပါအဝင် အားလုံး ရယ်မောပွဲကျခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ (၂၀၀၇) မှာ အာဆင်နယ် ကစားသမားတွေ ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်ခွင့်ရခဲ့တာဖြစ်ပြီး အာဆင်နယ်ကလည်း ဘုရင်မကြီး ဖိတ်ကြားခြင်းကိုခံရတဲ့ တသင်းတည်းသော ဘောလုံးအသင်းဖြစ်ခဲ့ပါတယ်။



ဒီလိုမျိုး ဘုရင်မကြီးဆီ သွားရောက်လည်ပတ်ခဲ့တုန်းက အတွေ့အကြုံနဲ့ ပတ်သက်လို့ အာဆင်နယ်နောက်ခံလူဟောင်း အီဘိုယေးက “ကျနော်တို့ နန်းတော်ကိုလည်း ရောက်သွားရော၊ အွန်နရီက ‘အီမန်နျူရယ်၊ ဒါ ဘက်ကင်ဟမ်နန်းတော်နော်။ ဘုရင်မကြီးနေတဲ့နေရာ၊ ဘာမှလျှောက်မလုပ်နဲ့နော်’ ဆိုပြီး လာပြောထားတယ်။ ကျနော်ကလည်း ပြဿနာမရှိပါဘူး၊ စိတ်မပူနဲ့လို့ပဲ ပြန်ပြောတာပေါ့”

“နောက်တော့ ဘုရင်မကြီးရောက်လာပြီး ကစားသမားတယောက်ချင်းစီနဲ့ လက်ဆွဲနှုတ်ဆက်ပါလေရော။ ပြီးလည်းပြီးရော၊ ကျနော် သူ့ခွေးလေးကို တွေ့ရော။ အဲ့ဒါနဲ့ ကျနော်လည်း ခေါ်တာပေါ့။ သူက ကျနော့်ဆီ ပြန်လှည့်လာပြီး ‘မင်းအဆင်ပြေရဲ့လား’ လို့ မေးပါတယ်။ ကျနော်ကလည်း အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်”

“ဒါပေမယ့် ထပ်ပြီး ကျနော် ဘောလုံးသမား မဖြစ်ချင်တော့ဘူး။ ဘုရင်မကြီးရဲ့ ခွေးလေးတွေကိုပဲ ထိန်းပေးတော့မယ်။ သူတို့ကို ရေချိုးပေးမယ်၊ အစာကျွေးမယ်၊ ကျနော် ခွေးထိန်းတယောက်ပဲဖြစ်ချင်တော့တယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီမှာ ဘုရင်မကြီးရော၊ မင်းသားဖီးလစ်ရော ရယ်ပါလေရောဗျာ။ ကျနော်တို့ အာဆင်နယ်တသင်းလုံးလည်း ရယ်နေကြတာပေါ့” လို့ ပြီးခဲ့တဲ့ (၂၀၁၆) မှာ ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီး ဒီလိုမျိုး ကွယ်လွန်ချိန်မှာ သူ့အသက်က (၉၆) နှစ်ရှိနေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ကလည်း ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ ရှုံးပွဲမရှိချန်ပီယံအဖြစ်နဲ့ ရွှေဖလားရဖူးတဲ့ တသင်းတည်းသောအသင်း၊ ဘက်ကင်ဟမ်နန်းတော်ကို ဖိတ်ကြားခံခဲ့ရဖူးတဲ့ တသင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က