ဗိုက်ထဲမှာရှိတဲ့ သားလေးကို မြင်တွေ့ခွင့်ရခဲ့တဲ့ နန်းမြတ်တို့ ဇနီးမောင်နှံက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အခုဆိုရင်တော့ သူမရဲ့ ကိုယ်ဝန်ဟာ ၆ လကျော် ၇ လထဲရောက်ရှိနေပြီလို့လည်း သိရပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံက ဇန်နဝါရီလ ၂၄ ရက်နေ့က The Clinic INYA ဆေးခန်းမှာ အာထရာဆောင်းရိုက်ရင်းနဲ့ ဗိုက်ထဲမှာရှိနေတဲ့ သားလေးကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားလေးကို တွေ့ခွင့်ရလိုက်တဲ့ နန်းမြတ်ရဲ့ ရင်ထဲက ပီတိစကားကိုလည်း အခုလိုပြောပြလာပါတယ်။
‘’အချစ်ကလေးကိုမြင်ရတဲ့နေ့။ လှုပ်လိုက်တာမှအရမ်းပဲ၊ မျက်နှာကိုလက်နှစ်ဖက်လုံး ကွယ်လို့အားမရလို့ ခြေထောက်နဲ့ပါကွယ်သေးတာ။ စိတ်ရှည်ရှည်နဲ့ရအောင်ရိုက်ပေးတဲ့ ဒေါက်တာဒေါ်ခင်ခင်အေးကျေးဇူး နဲ့ပုံလေးတွေရခဲ့လို့တော်သေးတယ်။ အဆော့မက်တဲ့သားလေး Jack Jack’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
အဲဒီနောက် ဗိုက်ထဲမှာ ရှိတဲ့ သားလေး Jack Jack ကို ပီတိတွေဖြာရင်း ကြည့်နေကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ နန်းမြတ်ကိုချစ်တဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေကလည်း သားလေး Jack Jack ပုံကို ကြည့်ရင်း အချစ်တွေ ပိုနေကြတာကို တွေ့ရပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာ အခုဆိုရင် ၆လကျော်၊ ၇ လထဲကို ရောက်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရချိန်မှာ ဖြစ်တတ်တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အခုလို ဖွင့်ဟပြောလာပါတယ်။
''ဗိုက်ကြီးမှ စိတ်ကလည်းနုလိုက်တာ။ ရုပ်ရှင်ကြည့်ရင်လည်း နည်းနည်းဝမ်းနည်းစရာပါတာနဲ့ ငိုလိုက်တာဝက်ဝက်ကွဲ(နှပ်တွေပါထွက်လို့) အပြင် သွားရင်းလမ်းမှာ စိတ်မကောင်းစရာတခုကြုံရင်လည်း မျက်ရည်ကထွက်လာရော။ ယောက်ျားကိုလဲစိတ်ကောက်လိုက်ရတာမော။ အရင်ကနဲ့မတူ နောက်တစ်ယောက်လိုပါပဲလား'' ဆိုပြီးတော့သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်.
Photo: နန်းမြတ်ဖြိုးသင်း
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးဇူးတင်စကား ပြောထားပါသေးတယ်။