နန်းမြတ်ရဲ့ ပထမဆုံးကိုယ်ဝန်က အခုဆိုရင် ၂၈ ပတ်ရှိလို့နေပါပြီ။ သူမဟာ ကိုယ်ဝန်နဲ့ မကြာခဏ ပင်လယ်ခရီးတွေ သွားဖြစ်နေတယ်လို့ ပြောပြလာပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းတစ်ယောက် သားသားလေး ကိုယ်ဝန်နဲ့ ပင်လယ်ကမ်းခြေခရီးတွေ ခဏခဏ ထွက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ သားလေးကို နဂါးလေးများလားလို့ ချစ်စနိုးနဲ့ တင်စားခေါ်ဝေါ်ခဲ့ပါသေးတယ်။
‘’သားသားလေးက နဂါးလေးများလားကွယ်။ နှစ်လအတွင်းငပလီကို ၃ ကြိမ်ရောက်တယ်။ ပင်လယ်မြင်ရရင်ကို စိတ်ထဲကျေနပ်ကြည်နူးနေတာမွေးပြီး ခရီးသွားလို့ရတာနဲ့ ပင်လယ်သွားမယ် စိတ်ကူးထားတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံက ဇန်နဝါရီလ ၂၄ ရက်နေ့က The Clinic INYA ဆေးခန်းမှာ အာထရာဆောင်းရိုက်ရင်းနဲ့ ဗိုက်ထဲမှာရှိနေတဲ့ သားလေးကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားလေးကို တွေ့ခွင့်ရလိုက်တဲ့ နန်းမြတ်ရဲ့ရင်ထဲက ပီတိစကားကိုလည်း အခုလိုပြောပြလာပါတယ်။
‘’အချစ်ကလေးကိုမြင်ရတဲ့နေ့။ လှုပ်လိုက်တာမှအရမ်းပဲ၊ မျက်နှာကိုလက်နှစ်ဖက်လုံး ကွယ်လို့အားမရလို့ခြေထောက်နဲ့ပါကွယ်သေးတာ။ စိတ်ရှည်ရှည်နဲ့ရအောင်ရိုက်ပေးတဲ့ဒေါက်တာဒေါ်ခင်ခင်အေးကျေးဇူး နဲ့ပုံလေးတွေရခဲ့လို့တော်သေးတယ်။ အဆော့မက်တဲ့သားလေးJack Jack’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nan Mya Phyo Thin
အဲဒီနောက် ဗိုက်ထဲမှာ ရှိတဲ့ သားလေး Jack Jack ကို ပီတိတွေဖြာရင်း ကြည့်နေကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ နန်းမြတ်ကိုချစ်တဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေကလည်း သားလေး Jack Jack ပုံကို ကြည့်ရင်း အချစ်တွေ ပိုနေကြတာကို တွေ့ရပါတယ်။ နန်းမြတ်ရဲ့ ကိုယ်ဝန်က အခုဆိုရင် ၂၈ ပတ်ရှိလို့နေပါပြီ။
Photo: နန်းမြတ်ဖြိုးသင်း
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးဇူးတင်စကား ပြောထားပါသေးတယ်။