အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ မိသားစုနဲ့ အတူတူ ကုသိုလ်ကောင်းမှုတွေ လုပ်နေတာကို တွေ့ရပါတယ်။
Photo: Myat Wai Tun
သရုပ်ဆောင် မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ကတော့ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်က ပရိသတ်တွေအတွက် ဆန်နဲ့ ဆီတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
"အလှူဒါန။ သရုပ်ဆောင်အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင်သားမောင်မြတ်သူမိသားစုမှ မရမ်းကုန်း မြို့နယ်(၁၀)ရပ်ကွက် အခြေခံလူများကို ဆန်အိတ်များနှင့် ဆီများလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော်" ဆိုပြီးတော့ သရုပ်ဆောင် မြင့်မြတ်ရဲ့ မန်နေဂျာ မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Myat Wai Tun
သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ COVID-19 ကာလမှာလည်း မြောက်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ယုန်လေးတို့နဲ့ အတူ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာလည်း ငွေကျပ်(၁၆၂) သိန်း တန်ဖိုးရှိ ဆေးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။
Photo: Myat Wai Tun
သူဟာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဦးဝင်းနိုင်၊ ဦးဧရာကိုလည်း ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ သရုပ်ဆောင်မြင့်မြတ်ကတော့ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့သူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။