တစ်အိမ်ထောင်စုကို လေးသောင်းကျပ် နီးပါးထောက်ပံ့မှာပါ။

COVID-19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံတော်က အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့ပေးခဲ့တဲ့ အစီအစဉ်ကို ကနဦးဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ 

ထောက်ပံ့ရေးအစီအစဉ်ဒုတိယအကြိမ်အနေနဲ့ ဒီတစ်ခါမှာတော့ စားသောက်ကုန်တွေမဟုတ်ဘဲ ငွေကြေးထောက်ပံ့ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။



“ ပထမ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲတွေလှူဒါန်းခဲ့တုန်းက စုစုပေါင်း ဘီလီယံ(၅၀)လောက်ကုန်ကျခဲ့တယ်။ တစ်အိမ်ထောင်ကို ထောက်ပံ့ငွေက (၁၈၀၀၀) (၂၀၀၀၀)ဝန်းကျင်လောက်ကျတယ်။ ဒီတစ်ခေါက်ကတော့ ပစ္စည်းတွေမလှူဘူး။ အရင်တစ်ခေါက်တန်ဖိုးထက် (၂)ဆလောက်ရှိတဲ့ ငွေကြေးတွေလှူဖို့စီစဉ်နေတယ်” လို့ ဦးဇော်ဌေးကပြောပါတယ်။

ပြီးခဲ့တဲ့ ဆန်၊ဆီ၊ ဆား ဝေခဲ့တုန်းက အောက်ခြေမှာ အငြင်းပွားမှုတွေအများကြီးဖြစ်ခဲ့တဲ့အတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ်မှာတော့ ကြားထဲမှာ မဖြတ်မတောက်ဘဲ ပြည်သူတွေလက်ထဲ တိုက်ရိုက်ရောက်အောင် Online Payment System နဲ့ ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။ 

လူဦးရေ (၄)သန်းကျော်ကိုထောက်ပံ့မှာဖြစ်ပြီး နှစ်ဆထောက်ပံ့မှာဖြစ်လို့ ဘတ်ဂျက်အနေအထားကလည်း စားသောက်ကုန်တွေထောက်ပံ့ခဲ့စဉ်ကထက် နှစ်ဆပိုကုန်မှာဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကိုတော့ နှစ်ပတ်အတွင်းအကောင်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က